ဖမ်းဆီးခံကျောင်းသားများ လုံလောက်သည့် ဆေးကုသခွင့်မရရှိခဲ့၍ ကျန်းမာရေးဆိုးရွား

ဖမ်းဆီးခံကျောင်းသားများ လုံလောက်သည့် ဆေးကုသခွင့်မရရှိခဲ့၍ ကျန်းမာရေးဆိုးရွား
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ဇန်နဝါရီ ၂၅ ။             ။ လက်ပံတန်း အကြမ်းဖက်ဖြိုခွင်းခံရပြီး သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသားများ လုံလောက်သည့် ဆေးကုသခွင့်မရရှိခဲ့သည့် အတွက် ကျန်းမာရေးအခြေအနေဆိုးဝါးစွာထိခိုက်နေမှုရှိနေကြောင်း ဗကသများအဖွဲ့ချုပ်၊Justice Trustနှင့် လက်ပံတန်းအကြမ်းဖက်မှုတရားမျှတရေးကော်မတီ တို့၏စစ်တမ်းအရသိရသည်။

ဖြိုခွင်းခံခဲ့ရစဉ်က ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှိက်ခံရမှုကြောင့် ကျောင်းသား ၂၃ဦးစလုံး ဆေးကုသခွင့်အကြိမ်ကြိမ်တောင်းခံခဲ့သော်လည်း မရရှိဘဲ ထောင်တွင်းအတူနေအခန်းဖော်များက ပေးသည့် အက်စပရင် ကဲ့သို့သော် ဆေးဝါးတချို့ကိုသာ ကျောင်းသား ၆ဦးက သုံးစွဲခဲ့ရပြီး ကျန် ၁၇ဦးက မည်သည့် ဆေးဝါးမျှ သုံးဆောင်ခြင်း ဆေးကုသမှုခံရခြင်းမရှိခဲ့ကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။

ကျန်းမာရေးကုသခွင့်မရှိသောကျောင်းသားမှာ ၇၄ ရာခိုင်နှုန်ပြီး ဆေးမြီးတိုများဖြင့် ဖြစ်သလို ကုစားကြရသည့် ကျောင်းသားများမှာ ၂၆ ရာခိုင်နှုန်းရှိကြောင်း၊ အထိန်းသိမ်းမခံရမီ ရောဂါအခံ ရှိသည့် ကျောင်းသားမှာ ၂၇ ရာခိုင်နှုန်းရှိပြီး ထိန်းသိမ်းခံရစဉ်အတွင်း ကျန်းမာရေး ပိုမိုဆိုးရွားလားသည့် ကျောင်းသားများမှာ ၇၃ ရာခိုင်နှုန်းရှိကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။

ကျောင်းသားအများစုမှာ အစာအိမ်အူလမ်းကြောင်း မအီမသာဖြစ်မှု၊ကျောက်ကပ်ရောဂါများ၊ ပန်းနာရင်ကျပ်၊အရေးပြားယားနာ၊ သွားရောဂါ၊တီဘီ၊ ဆီးလမ်းကြောင်းပိုးဝင်မှု၊သွေးတိုးရောဂါများ ခံစားနေကြောင်း သိရသည်။

မိသားစုဝင်များက ဆေးကုသခွင့်ပေးရန် တောင်းခံသော်လည်း အကြိမ်ကြိမ်ငြင်းပယ်ခံရကြောင်း၊ လွတ်လပ်သော ဆေးပညာရှင်များအဖွဲ့က ကျန်းမာရေးနှင့် ပတ်သက်၍ ထောင်အာဏာပိုင်များနှင့် ရုံးတော်ကို ပြောဆိုလာပြီးနောက် ဒီဇင်ဘာ ၁ရက်နေ့က တရားသူကြီး ဦးချစ်မြတ်က နာမကျန်းသည့် ကျောင်းသားများကို အရပ်ဘက်ဆေးရုံသို့ လွှဲပြောင်းပေးရန် သဘောတူခွင့်ပြုခဲ့ကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly