နေတိုးအဖွဲ့အား အားဖြည့်ရန် ရေဒါရှောင်ခွင်းလေယာဉ်များ ဂျာမနီထံသို့ အမေရိကန် ပေးပို့ 

နေတိုးအဖွဲ့အား အားဖြည့်ရန် ရေဒါရှောင်ခွင်းလေယာဉ်များ ဂျာမနီထံသို့ အမေရိကန် ပေးပို့ 
Photo - AFP

မတ် ၂၉

နေတိုး စွမ်းရည်ကို မြှင့်တင်ရန် ဂျာမနီနိုင်ငံဆီ အမေရိကန်ရေတပ်မှ ရေဒါရှောင်ခွင်း လေယာဉ် ၆ စင်းကို အမေရိကန်က ပေးပို့လျက်ရှိကြောင်း ပင်တဂွန်က တနင်္လာနေ့တွင် ပြောသည်။ 

EA-18G Growler လေယာဉ်များကို “ယူကရိန်းတွင် ရုရှတပ်များအား တိုက်ခိုက်ရာ၌ အသုံးပြုရန် ဖြန့်ကြက်ခြင်းမဟုတ်”ဟု ပင်တဂွန် ပြောခွင့်ရသူ ဂျွန် ကာဘီက ဆိုသည်။ 

“အရှေ့ပိုင်း စစ်မျက်နှာမှာ နေတိုးရဲ့ ဟန့်တားနိုင်စွမ်းနဲ့ ကာကွယ်နိုင်စွမ်းကို မြှင့်တင်ဖို့ အခု လေယာဉ်တွေကို ပေးပို့တာပဲ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။  

အဆိုပါ လေယာဉ်များသည် ဝါရှင်တန်ပြည်နယ် Naval Air Station Whidbey Island မှ ဂျာမနီရှိ Spangdahlem လေတပ်စခန်းဆီ တနင်္လာနေ့၌ ရောက်ရှိမည်ဟု ဂျွန် ကာဘီက ပြောသည်။ 

F/A-18 ကို မွမ်းမံထားသော ဒီဇိုင်းဖြစ်သည့် ယင်း လေယာဉ်များသည် ရန်သူ၏ ရေဒါနှင့် လေကြောင်းကာကွယ်ရေးစနစ်များကို ရှုပ်ထွေးစေသော အာရုံခံ sensor များ အသုံးပြုထားကြောင်း ၎င်းက ပြောသည်။ 

ရေတပ်သား ၂၄၀ လည်း ယင်းလေယာဉ်များနှင့်အတူ ဂျာမနီသို့ စေလွှတ်မည်ဖြစ်သည်ဟု ပင်တဂွန်ပြောခွင့်ရသူက ဆိုသည်။ 

တနင်္လာနေ့က ထုတ်ပြန်သည့် အသုံးစရိတ် အဆိုပြုချက်အရ အိမ်ဖြူတော်သည် ရုရှကျူးကျော်စစ်ကို ယူကရိန်းအနေဖြင့် ဟန့်တားနိုင်ရေးနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများအား ထောက်ပံ့ရေးတို့အတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉ ဘီလီယံ သုံးစွဲသွားမည် အစီအစဉ်ကို ချပြခဲ့သည်။ 

ရုရှကျူးကျော်မှုနောက်၌ အမေရိကန်သည် ယူကရိန်းအား လုံခြုံရေးထောက်ပံ့အကူအညီနှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးလျက် ရှိနေသည်။ 

ယူကရိန်းသို့ ခေတ်မီတိုက်လေယာဉ်များ၊ ဒုံးကျည်ကာကွယ်ရေးစနစ်များ၊ တင့်ကားများ၊ သံချပ်ကာယာဉ်များနှင့် သင်္ဘောဖျက်ဒုံးကျည်များအပါအဝင် စစ်လက်နက်အများအပြား ပေးပို့ရန် နေတိုးနိုင်ငံများအား ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ဖိအားပေးတောင်းဆိုလျက် ရှိသည်။ 

အမေရိကန်သည် ယူကရိန်းသို့ လေယာဉ်များနှင့် အခြား လက်နက်ကြီးစနစ်များ ပေးပို့ခြင်းကို ငြင်းဆန်ထားသည်။ 

သမ္မတ ဂျိူး ဘိုင်ဒင်က “တတိယကမ္ဘာစစ်” ဖြစ်လာနိုင်သည်ဟု ၎င်းဆိုထားသော ကန့်သတ်မျဉ်းကို မဖြတ်ကျော်ချင်ကြောင်း ပြောထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required