တောင်တရုတ်ပင်လယ်ရှိ ကျွန်းတုများတွင် တရုတ်က စစ်အင်အားအပြည့် ချထားကြောင်း အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ပြောကြား

တောင်တရုတ်ပင်လယ်ရှိ ကျွန်းတုများတွင် တရုတ်က စစ်အင်အားအပြည့် ချထားကြောင်း အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ပြောကြား

တရုတ်နိုင်ငံသည် အငြင်းပွားနေသော တောင်တရုတ်ပင်လယ်တွင် တည်ဆောက်ထားသည့် ကျွန်း ၃ကျွန်း ထက်မနည်းတွင် သင်္ဘောဖျက်နှင့် လေယာဉ်ပစ် ဒုံးကျည်စနစ်များ၊ လေဆာနှင့် ထိန်းချုပ်ကိရိယာများနှင့် တိုက်လေယာဉ်များဖြင့် လက်နက်တပ်ဆင်ထားပြီး ယင်းလုပ်ရပ်သည် အနီးအနားရှိ နိုင်ငံအားလုံးကို ခြိမ်းခြောက်သည့် ရန်လိုသည့် အပြုအမှုဖြစ်ကြောင်း အမေရိကန် ထိပ်တန်းတပ်မှူးတစ်ဦးက ပြောကြား လိုက်သည်။

အငြင်းပွားနေသော ရေပိုင်နက်ရှိ ကျွန်းတုများကို စစ်အခြေစိုက်စခန်းများအဖြစ် ပြောင်းလဲမည် မဟုတ်ကြောင်းနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အတိတ်က အာမခံချက်များနှင့် ယခုကဲ့သို့ ရန်လိုသော လုပ်ရပ်သည် ဆန့်ကျင်ဘက်ဖြစ် နေကြောင်း အမေရိကန်၏ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန် စီ အကွာလီနိုက ပြောကြားခဲ့သည်။

အဆိုပါ ကြိုးပမ်းမှုများသည် တရုတ်၏ စစ်ရေး အင်အားထုတ်ဖော်ပြသခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

"လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ အတွင်း တရုတ်နိုင်ငံက ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးတည်ဆောက်မှု ကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်" ဟု အကွာလီနိုက AP သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

“သူတို့က စွမ်းရည်အားလုံးကို အဆင့်မြှင့်တင်ထားပြီး ဒီလိုလက်နက်တည်ဆောက်မှုက ဒေသတွင်းမှာ မတည်မငြိမ် ဖြစ်စေပါတယ်”

စစ်ရေးတည်ဆောက်မှုများသည် ကာကွယ်ရေးသက်သက်အတွက်ဖြစ်ပြီ မိမိတို့၏ အချုပ်အခြာ အာဏာအခွင့်အရေးများဖြစ်ကြောင်း ဆိုခဲ့သည်။

သို့သော် နှစ်ပေါင်းများစွာ စစ်အသုံးစရိတ် တိုးမြှင့်ပြီးနောက် ယခုအခါ တရုတ်သည် အမေရိကန်ပြီးလျှင် ကမ္ဘာ့ ဒုတိယအကြီးဆုံးကာကွယ်ရေး အသုံးစရိတ်ကို ပိုင်ဆိုင်ထားပြီး J-20 ကိုယ်ပျောက် တိုက်လေယာဉ်များ၊ အသံထက်မြန်သော ဒုံးကျည်များနှင့် လေယာဉ်တင်သင်္ဘော ၂ စင်း အပါအဝင် လက်နက်စနစ်များဖြင့် ယင်း၏ အင်အားကို လျင်မြန်စွာ ခေတ်မီအောင် လုပ်ဆောင်နေသည်။ .

တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ၁၀စုနှစ်တစ်ခုနီးပါးက သန္တာကျောက်တန်းများပေါ်တွင် ကျွန်းအခြေစိုက် စခန်းများ တည်ဆောက်ခြင်းဖြင့် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးတွင် ယင်း၏ ကြီးမားကျယ်ပြန့်သော ပိုင်နက် ကြေညာမှုများပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required