ယူကရိန်းကို ကူညီရန် ရုရှစီးပွားရေးလုပ်ငန်းရှင်များ ကမ်းလှမ်းဟု ဇယ်လန်စကီး ပြော 

ယူကရိန်းကို ကူညီရန် ရုရှစီးပွားရေးလုပ်ငန်းရှင်များ ကမ်းလှမ်းဟု ဇယ်လန်စကီး ပြော 
Photo - AFP

မတ် ၂၈

ရုရှစီးပွားရေးလုပ်ငန်းရှင်များထံမှ အကူအညီ ကမ်းလှမ်းမှုကို ယူကရိန်းနိုင်ငံက လက်ခံရရှိထားကြောင်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောပြီး မိမိနိုင်ငံ၏ ရုရှအား ရင်ဆိုင်တိုက်ခိုက်နေခြင်းတွင် ထောက်ခံသော မည်သူ့ကိုမဆို ယူကရိန်းအနေဖြင့် ခိုလှုံခွင့် ပေးသွားမည်ဟုလည်း ပြောဆိုသည်။ 

ရိုမန် အေဘရာမိုဗစ်ချ် အပါအဝင် ရုရှစီးပွားရေးလုပ်ငန်းရှင်များထံမှ အကူအညီပေးမည်ဆိုသော အချက်ပြခြင်းကို သူ့အနေဖြင့် လက်ခံရရှိထားသည်ဟု ရုရှသတင်းသမားများနှင့် အင်တာဗျူးတွင် ဇယ်လန်စကီးက ပြောခြင်း ဖြစ်သည်။ 

လက်ရှိ၌ တစ်လကြာပြီဖြစ်သော ရုရှ၏ ယူကရိန်းကို တိုက်ခိုက်နေမှု အရှိန်လျော့ကျရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များက “တစ်ခုခု လုပ်ရန်”နှင့် “တစ်နည်းနည်းဖြင့် ကူညီရန်” လိုလားကြောင်း သူ့ကို ပြောသည်ဟု ယူကရိန်းခေါင်းဆောင်က ဆိုသည်။  

“တချို့က ပြောတယ်၊ စစ်ပွဲပြီးရင် နိုင်ငံပြန်လည်ထူထောင်ရေးမှာ သူတို့ ကူညီဖို့ အသင့်ရှိတယ်လို့ ပြောလာကြတယ်”ဟု လွတ်လပ်သော ရုရှမီဒီယာအချို့မှ သတင်းသမားများနှင့် အင်တာဗျူးတွင် ဇယ်လန်စကီးက ပြောဆိုသည်။ 

ယူကရိန်းအား ရုရှ ကျူးကျော်မှုကြောင့် အမေရိကန်နှင့် အီးယူအပါအဝင် အနောက်နိုင်ငံများသည် ရုရှမှ နိုင်ငံရေးအာဏာရ လူနည်းစုအသိုင်းအဝိုင်းနှင့် ပူတင်နှင့် နီးစပ်သူများကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းသွင်းခြင်း အပါအဝင် မကြုံဖူးသော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။ 

ပြီးခဲ့သည့် သီတင်းပတ်က ဥရောပသမဂ္ဂ ချမှတ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုသစ်များတွင် အေဘရာမိုဗစ်ချ်သည်လည်း အပါအဝင် ဖြစ်ခဲ့သည်။ 

ရုရှစီးပွားရေးလုပ်ငန်းအချို့က ကူညီမည် ကမ်းလှမ်းခြင်းသည် အပြန်အလှန်အားဖြင့် ဒဏ်ခတ်ပိတ်ဆို့မှု အပြစ်ပေးခြင်းများမှ လွတ်မြောက်ရေး မျှော်လင့်ချက်ကြောင့်လည်း ဖြစ်သည်ဟု ဇယ်လန်စကီးက ဆိုသည်။ 

ယူကရိန်းအနေဖြင့် ရုရှတပ်များကို တိုက်ခိုက်နေရာ၌ ထောက်ကူပြုသည့် ရုရှစီးပွားရေးလုပ်ငန်းရှင်များကို ပြန်လည်ကူညီရန် ပြင်ဆင်ထားကြောင်းလည်း ၎င်းက ပြောသည်။ 

“ကျွန်တော်တို့ သူတို့ကို လုံခြုံဘေးကင်းရေးအပြင် သူတို့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးဖို့ အသင့်ပါပဲ”ဟု ဇယ်လန်စကီးက ပြောသည်။ 

၂၀၀၃ ခုနှစ်က ချဲလ်ဆီးဘောလုံးအသင်းကို ဝယ်ယူခဲ့သည့် အသက် ၅၅ နှစ်အရွယ် အေဘရာမိုဗစ်ချ်သည် ၂၀၀၀ ခုနှစ်အစောပိုင်းကာလများ၌ ရုရှ၏ ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ရေးအတွက် ပူတင်၏ အမိန့်အရ ယင်းအသင်းကို ဝယ်ယူခဲ့သည်ဆိုသော ပြောဆိုချက်များကို ငြင်းဆန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required