အမေရိကန်နှင့် ဖိလစ်ပိုင်တို့၏ အကြီးဆုံးသော ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

အမေရိကန်နှင့် ဖိလစ်ပိုင်တို့၏ အကြီးဆုံးသော ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်
Photo - AFP

မတ် ၂၈

အမေရိကန်နှင့် ဖိလစ်ပိုင်သည် ၎င်းတို့၏ အကြီးဆုံးသော ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ်လ ၂၈ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ၌ စတင်ပြုလုပ်နေပြီ ဖြစ်သည်။ ယင်းသည် အငြင်းပွား တောင်တရုတ်ပင်လယ်၌ တင်းမာမှုများ ပြန်လည် ထွက်ပေါ်လာချိန် အမေရိကန်-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှု ပိုမိုနက်ရှိုင်းလာနေမှုကို ပြသခြင်းလည်း ဖြစ်သည်။

ယခု စစ်ရေးလေ့ကျင့်မှုက မကြာမီ ရာထူးကနေ ထွက်ခွာတော့မည့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး လက်ထက် နောက်ဆုံးပြုလုပ်သည့် လေ့ကျင့်မှုလည်း ဖြစ်သည်။ ဒူတာတေးသည် ပြီးခဲ့သည့် ကာလအတွင်း တရုတ်ဘက်ကို ဦးလှည့်ခဲ့ပြီး ကာလကြာမဟာမိတ် အမေရိကန်နှင့် ချုပ်ဆိုထားသော အဓိကကျသည့် စစ်ဘက်သဘောတူညီချက်တစ်ခုကို ဖျက်သိမ်းမည်ဖြစ်ကြောင်းနှင့် စစ်ရေးလေ့ကျင့်မှုများကို အစီအစဉ်ဖျက်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သူ ဖြစ်သည်။

ယခုအခါ လူဇွန်ကျွန်းတွင် ပြုလုပ်သည့် ၁၂ ရက်တာ ကြာမည့် လေ့ကျင်မှုများတွင် ဖိလစ်ပိုင်နှင့် အမေရိကန် စစ်သား ၉,၀၀၀ နီးပါး ပါဝင်ကြမည် ဖြစ်သည်။

ထို ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ပုံမှန်အားဖြင့် နှစ်စဉ် ပြုလုပ်လေ့ ရှိသော်လည်း ကပ်ရောဂါကာလအတွင်း ယင်းကို ဖျက်သိမ်းခြင်း သို့မဟုတ် လျှော့ချခြင်းတို့ ရှိခဲ့သည်။

ယခု Balikatan စစ်ရေးလေ့ကျင့်မှုက နှစ်နိုင်ငံအကြား “ပိုမို နက်ရှိုင်းလာနေသော မဟာမိတ်ဖြစ်မှု” ကို ထင်ဟပ်ပြသနေသည်ဟု ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အန်ဒရီစ် ဆန်တီနိုက မနီလာ၌ ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနား၌ ပြောခဲ့သည်။

နှစ်ဘက် စစ်တပ်များအကြား “မိတ်ဆွေဖြစ်မှုနှင့် ယုံကြည်မှု” တို့ကြောင့် ၎င်းတို့အနေဖြင့် စစ်တပ် စစ်ဆင်ရေးများ၏ နယ်ပယ်အားလုံးတွင် အတူတကွ အောင်မြင်စေနိုင်လိမ့်မည်ဟု အမေရိကန် ဗိုလ်ချုပ် ဂျေး ဘာဂျီရွန်ကလည်း ပြောသည်။

ယခု ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပင်လယ်ရေကြောင်း လုံခြုံရေး၊ ကုန်း၊ရေ နှစ်သွယ် စစ်ဆင်မှု၊ ကျည်အစစ်သုံး လေ့ကျင့်မှု၊ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်မှု ၊ လူသားချင်းစာနာမှု အကူအညီပေးမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်မှု စသည့် လေ့ကျင့်မှုများ ပါဝင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required