တရုတ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် စိုးရိမ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များ ပြောကြား

တရုတ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် စိုးရိမ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များ ပြောကြား

တရုတ်အစိုးရက ရှင်ကျန်း၊ ဟောင်ကောင်နှင့် တိဗက်တို့တွင် လူ့အခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်နေမှုများ အပေါ်စိုးရိမ်ကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းများက ဥရောပသမဂ္ဂ (အီးယူ) ခေါင်းဆောင်များထံ ပူးတွဲစာတစ်စောင်ကို ယခုနှစ်ကုန်ပိုင်း၌ ကျင်းပမည့် အီးယူ-တရုတ် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ပေးပို့လိုက်သည်။

“မိမိတို့ရဲ့ စိုးရိမ်ပူပန်မှုနဲ့ အကြံပြုချက်တွေကို ကျင်းပမယ့် ဥရောပသမဂ္ဂ (အီးယူ)- တရုတ် ဆွေးနွေးပွဲမတိုင်မီ စာရေးသားပေးပို့ထားပါတယ်။ ဒီအစည်းအဝေးဟာ ယူကရိန်းပြဿနာနဲ့ တရုတ်အစိုးရရဲ့ အဲဒီကိစ္စအပေါ် ရပ်တည်ချက်တို့ကို အဓိက ဆွေးနွေးမယ်ဆိုတာ သိပေမယ့် တရုတ်နိုင်ငံရဲ့ ပြည်တွင်းမှာသာမက ပြည်ပအထိ တိုးချဲ့လာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အချိန်လုံလုံလောက်လောက် ဆွေးနွေးနိုင်ဖို့ အီးယူ ခေါင်းဆောင်များကို တိုက်တွန်းပါတယ်” ဟု ဥရောပကော်မရှင်ဥက္ကဋ္ဌ အာစုလူဗန်ဒါလီယန်နှင့် ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ်မိုက်ကယ် တို့ထံ ရေးပို့သည့်စာတွင် ဖော်ပြထားသည်။

အဆိုပါစာကို ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်ညီညွတ်ရေးအဖွဲ့(CSW)၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၊ တိဗက်များအတွက် နိုင်ငံတကာ လှုပ်ရှားရေးအဖွဲ့ (ICT)၊ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့ချုပ် (FIDH)နှင့် ကမ္ဘာ့ဝီဂါကွန်ဂရက်တို့က ပူးပေါင်းပေးပို့ခဲ့ခြင်းဖြစ်သည်။

တရုတ်နှင့် အခြားအစိုးရများက လူ့အခွင့်အရေးနှ့င် နိုင်ငံတကာအဖွဲ့အစည်းများကို ဆန့်ကျင်နေခြင်းများကို တိုက်ဖျက်ရန် လိုအပ်ကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် အဆင့်မြင့်ကိုယ်စားလှယ် ဘိုရယ်၏ သဘောထားမှတ်ချက်နှင့်လည်း မိမိတို့၏ စိုးရိမ်ပူပန်မှု ကိုက်ညီနေကြောင်းလည်း လူ့အခွင့်အရေးအုပ်စုများက ပြောကြားသည်။

“တရုတ်အာဏာပိုင်တွေက ဝီဂါနဲ့ တာကစ်လူမျိုးစုတွေကို ပစ်မှတ်ထားတဲ့ ဖိနှိပ်ရက်စက်မှုအများအပြား လုပ်ဆောင်နေကြောင်း သတင်းအချက်အလက်တွေကို အီးယူ-တရုတ် နောက်ဆုံးကျင်းပခဲ့သည့် ဆွေးနွေးပွဲ နောက်ပိုင်းမှစတင်ကာ ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်အစိုးရက တိဗက်ရဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဘာသာရေးအခွင့်အရေးတွေကို နှိပ်ကွပ်နေသလို ဟောင်ကောင်ရဲ့ ယခင်က ပွင့်လင်းယာဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းနဲ့ ဒီမိုကရေစီအခွင့်အရေးတွေကိုလည်း ခြိမ်းခြောက်နေပါတယ်” ဟု ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

တရုတ်အစိုးရအနေဖြင့် အဆင့်မြင့် နည်းပညာများဖြင့် စောင့်ကြည့်ခြင်း၊ လွတ်လပ်သည့် တက်ကြွလှုပ်ရှားသူများကို သတ်ဖြတ်ခြင်း၊ အရေးယူခြင်းတို့ကို ပိုမိုလုပ်ဆောင်လာခြင်းအား လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်ကြောင်း ပြောကြားသည်။

လူ့အခွင့်အရေး အုပ်စုများ၏ တောင်းဆိုချက်တစ်ခုတွင် တရုတ်နှင့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို အီးယူအနေဖြင့် ဆိုင်းငံ့ထားရန်နှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးသွားရန် ဖော်ပြထားသလို ဝီဂါနှင့် တာကစ်တို့အပေါ် ပစ်မှတ်ထားကာ လူမဆန်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာက စုံစမ်းမှုလုပ်ရန် တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly