ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်နှောက်ယက်ခြင်းအတွက် တရုတ်ကို နီပေါသံအမတ်ဟောင်းက ပြင်းထန်စွာ ပြစ်တင်ပြောကြား

ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်နှောက်ယက်ခြင်းအတွက် တရုတ်ကို နီပေါသံအမတ်ဟောင်းက ပြင်းထန်စွာ ပြစ်တင်ပြောကြား

နီပေါနို်ငငံ၏ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် နယ်မြေကျူးကျော်ခြင်းအများအတွက် တရုတ်အစိုးရအား နီပေါနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးဟောင်းဖြစ်သူ ဗီဂျေးခန့်ကာနာက ပြင်းထန်စွာ ပြောကြားလိုက်သလို တရုတ်မှချေးငွေများကို ရယူရာတွင် သတိကြီးစွာ ထားသင့်ကြောင်း သီရိလင်္ကာနိုင်ငံ၏ ဘဏ္ဍာရေးအကျပ်အတည်းပြဿနာကို ရည်ညွှန်းကာ ပြောကြားလိုက်သည်။

“အရေးကြီးဆုံးကတော့ အမေရိကန်ရဲ့ ကူညီထောက်ပံ့ငွေအစီအစဉ်ဖြစ်တဲ့ ‘ထောင်စုနှစ် စိန်ခေါ်မှုဆိုင်ရာ ကော်ပိုရေးရှင်း (MCC) ကို အတည်ပြုရေးမှာ တရုတ်ရဲ့ လွှမ်းမိုးဖို့ လုပ်ဆောင်ချက်တွေဟာ နီပေါမှာ နို်ငငံရေးပါတီတွေကို အသုံးချပြီး ဝင်ရောက်စွက်ဖက်သလို လုပ်နေတယ်ဆိုတာကို နားလည်ဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

လမ်းများ၏ အရည်အသွေးကို ထိန်းသိမ်းရန်၊ လျှပ်စစ်မီး ပိုမိုကောင်းမွန်စွာ ရရှိရန်၊ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရန် အကူအညီဖြစ်စေမည့် နီပေါနှင့် အိန္ဒိယတို့အကြား နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား သွယ်တန်းရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးတို့အတွက် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက အမေရိကန်အစိုးရနှင့် နီပေါအစိုးရအကြား MCC သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

ယခုအခါ နီပေါနိုင်ငံ ထရီဘူဗန်တက္ကသိုလ်တွင် ပါမောက္ခတစ်ဦးဖြစ်နေသည့် ကာနက တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၏ နီပေါနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်နှင့် ပတ်သက်၍ Khabarhub သတင်းဌာနသို့ ပြောကြားရာတွင် ဝမ်ယိအနေဖြင့် နီပေါနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားလိုက်သည်။

နီပေါတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံများနှင့် ဝင်ရောက်စွက်ဖက်မှုများအပေါ် မကျေနပ်မှုများ မြင့်တက်နေပြီး တရုတ်အစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံတစ်ဦးလည်းဖြစ်သူ ဝမ်ယိသည် နီပေါသို့ မတ် ၂၅ ရက်မှစ၍ ၃ ရက်ခရီး စတင်ရောက်ရှိခဲ့သည်။

“ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ တရုတ်က နီပေါနိုင်ငံမြောက်ပိုင်းနယ်စပ် အထူးသဖြင့် ဒိုလာခါနဲ့ ဟူမလာဒေသတွေမှာ မြေခိုးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။

၂၀၁၇ ခုနှစ်က စတင်ခဲ့သော်လည်း ယခုချိန်ထိ မည်သည့်စီမံကိန်းကိုမှ အကောင်အထည်မဖော်နိုင်သေးသည့် တရုတ်နှင့် နီပေါတို့၏ ခါးပတ်လမ်းမရပ်ဝန်း (BRI) သဘောတူစာချုပ်နှင့် ပတ်သက်၍လည်း ကာနာက “စီမံကိန်းအချို့ကို အကောင်အထည်ဖော်ဖို့ နီပေါနဲ့ တရုတ်တို့အကြား မူဘောင်သဘောတူညီချက်တစ်ခုကို ဆောင်ရွက်နေတယ်လို့ ကြားပါတယ်။ ဒါကြောင့်မို့ ချေးငွေသဘောတူညီချက်ကို ဆွေးနွေးညှိနှိုင်းတဲ့အခါမှာ နီပေါ အစိုးရအနေနဲ့ သီရိလင်္ကာ၊ ယုဂန်ဒါ၊ ကင်ညာ၊ တာဇန်းနီးယားနဲ့ အခြား အာဖရိကနိုင်ငံတွေကို လေ့လာဖို့ အရေးကြီးပါတယ်” ဟု ပြောကြားသည်။

“တရုတ်ကို အကြွေးမဆပ်နိုင်ရင် ကပ်ဘေးသင့်သလို ဖြစ်မှာကြောင့် ချေးငွေတွေကို ယူတဲ့အခါ အထူးသတိထားဖို့ လိုအပ်ပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly