တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံကြောင့် ဘာလိုချီစတန်ပြည်နယ်တွင် ဆန္ဒပြဆန့်ကျင်မှုများ ဖြစ်ပေါ်

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံကြောင့် ဘာလိုချီစတန်ပြည်နယ်တွင် ဆန္ဒပြဆန့်ကျင်မှုများ ဖြစ်ပေါ်

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်းအရ ဂွာဒါဆိပ်ကမ်း ဖော်ဆောင်မှုနှင့် ဂွာဒါဒေသကနေ ဘာလို့ချ်လူမျိုးစုဝင် လုပ်သားများနှင့် လုပ်ငန်းများ ဖယ်ကြဉ်ခံရမှုတို့က ဘာလိုချီစတန်ပြည်နယ်၌ မူလကတည်းက ရှိနှင့်ပြီးသား ဘေးဖယ်ခံရမှုဆိုင်ရာ စိတ်ခံစားချက်များကို အရှိန်မြင့်တက်စေခဲ့သည်။

ဘာလို့ချ် အမျိုးသားရေး အင်အားစုများသည် ဤ ပရောဂျက်များ၌ ဝေစု ကြီးကြီးမားမား ရရှိစေရန် တောင်းဆိုခြင်း သို့မဟုတ် စီမံကိန်းကို လုံးလုံးလျားလျား ဆန့်ကျင်ခြင်းတို့ကို လုပ်ဆောင်နေကြသည်။

ဘာလိုချီစတန်ရှိ မျိုးနွယ်စု အင်အားစုများသည် CPEC ကို ကန့်ကွက်ထားခဲ့ကြသလို ယင်းစီမံကိန်းကို ဆန့်ကျင်သည့် လုပ်ဆောင်ချက်များတွင်လည်း အမျိုးသားရေး အဖွဲ့အုပ်စုများ ပါဝင်ထားခဲ့ကြသည်။

အမျိုးမျိုးသော ထုတ်ဖော်မှုများ၊ အထူးသဖြင့် ဒေသဆိုင်ရာ အင်အားစုများ၏ အသံများကို စုစည်း ညီညွတ်စေရမည့်အစား CPEC သည် ပန်ဂျပ် ဗဟိုပြုပြီး အခြားဒေသခံများကို ချန်လှပ်ထားသည့် စီမံကိန်း ရေးဆွဲမှုနှင့်အတူ အစိုးရနှင့် ဒေသအင်အားစုများအကြား သဘောကွဲလွဲမှုကို ထပ်မံ ပိုမိုဆိုးဝါးသွားစေခဲ့သည်။

တရုတ် ဆွဲပိုက်ချသင်္ဘောများက ငါးသယံဇာတ ရင်းမြစ်များကို အမြတ်ထုတ်အသုံးချနေသည် ဆိုသည့် အချက်ကြောင့်လည်း ဂွာဒါဒေသ၌ CPEC အပေါ် ဆန့်ကျင်ဆန္ဒပြမှုများကိုလည်း မြင်တွေ့ထားခဲ့ရသည်။

ဒေသခံ ငါးဖမ်းသမား အများအပြားသည် ဂွာဒါဆိပ်ကမ်း တည်ဆောက်မှုက ၎င်းတို့အတွက် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခု ရှိလာလိမ့်မည်ဟု မျှော်လင့်ရင်း ၎င်းတို့၏ ငါးဖမ်းလုပ်ကွက်များမှ ဘေးဖယ်ပေးခဲ့ကြသော်လည်း ဖက်ဒရယ် အစိုးရဘက်က တရုတ် ငါးဖမ်းသမားများကို ငါးဖမ်းခွင့် ထုတ်ပေးခဲ့သည့်အတွက် ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပေါ်ထားခဲ့သည်။

ယင်း ဆန့်ကျင်မှုက ယမန်နှစ်အတွင်း Jamaat-i-Islami (JI) ဦးဆောင်သော ၂၈ ရက်ကြာ ဆန္ဒပြမှုနှင့်အတူ အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ထိုဆန္ဒပြပွဲတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြသည်။ ယင်းနောက် ဖက်ဒရယ်အစိုးရနှင့် သဘောတူညီမှုတစ်ခု ရပြီးနောက် ဆန္ဒပြသူများက ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ကြသည်။

အစိုးရသည် ဆန္ဒပြသူများ၏ တောင်းဆိုချက်အားလုံးကို လက်ခံခဲ့ပြီး ထိုတောင်းဆိုချက်များက တရားနည်းလမ်းကျကြောင်း ပြောခဲ့သည်။

သို့သော် ထိုတောင်းဆိုချက်များကို အစိုးရဘက်က ဖြည့်ဆည်းပေးလိမ့်မည်မဟုတ်ကြောင်း ဘာလို့ချ် အများအပြားက စိုးရိမ်နေကြသည်။ မကြာသေးခင်က တရုတ်မော်တော်ယာဉ်တန်းတစ်ခုကို ဗုံးခွဲမှုဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ခြင်းက ယင်းဒေသတွင် တရုတ် ဦးဆောင်သည့် စီမံကိန်းဖော်ဆောင်မှုအပေါ် ဒေသခံ အင်အားစုများ ဘက်က အယုံအကြည်မရှိ ဖြစ်နေသည်ဆိုသည်ကို ပြသနေပြီး တရုတ်၏ စီမံကိန်းဖော်ဆောင်မှုက ရင်းမြစ်များ ထုတ်ယူ အမြတ်ထုတ်မှုသာဖြစ်သည်ဟု ၎င်းတို့က ရှုမြင်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly