‘သားသတ်သမား’ ပူတင် အာဏာ ဆက်လက် မတည်မြဲနိုင်ဟု ဘိုင်ဒင် ပြော

‘သားသတ်သမား’ ပူတင် အာဏာ ဆက်လက် မတည်မြဲနိုင်ဟု ဘိုင်ဒင် ပြော
Photo - AFP

မတ် ၂၇

ယူကရိန်းအပေါ် လချီကြာမြင့်လာသည့် ကျူးကျော်စစ်ဆင်နွှဲမှုနှင့် ပတ်သက်ပြီး ရုရှသမ္မတ ဗလာဒီမာ ပူတင်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မတ်လ ၂၆ ရက်တွင် ပြင်းထန်စွာ ဝေဖန်သွားခဲ့ပြီး ရုရှခေါင်းဆောင်သည် ‘အာဏာ ဆက်လက် တည်မြဲနိုင်ဖွယ် မရှိသည့်’ သားသတ်သမားတစ်ဦး ဖြစ်သည်ဟု ဘိုင်ဒင်က တဲ့တိုး သုံးနှုန်းပြောဆိုသွားခဲ့သည်။

ဘိုင်ဒင်သည် ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်ပြီး နေတိုး၊ အီးယူ မဟာမိတ်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့သလို ပိုလန်နိုင်ငံ၌ အဆင့်မြင့်ယူကရိန်းဝန်ကြီးများနှင့် တွေ့ဆုံပြီးနောက် ဝါဆောမြို့ရှိ တော်ဝင်ရဲတိုက်ကနေ မိန့်ခွန်းတစ်ရပ် ပြောဆိုစဉ် ရုရှကို သတိပေး ပြောဆိုသွားခဲ့သည်။

“နေတိုး နယ်နိမိတ်ရဲ့ တစ်လက်မတောင် အထိခံမှာ မဟုတ်တာကြောင့် အဲဒီလို ထိဖို့ မစဉ်းစားလိုက်လေနဲ့” ဟု ဘိုင်ဒင်က ရုရှကို သတိပေးသွားခဲ့သည်။

အမေရိကန်ခေါင်းဆောင်သည် ရုရှ၌ “အစိုးရအပြောင်းအလဲ” ဖြစ်စေရေး ကြိုးစားနေခြင်း မဟုတ်ဘဲ ယင်းက ဒေသတွင်း၌ အိမ်နီးချင်းများအပေါ် ပူတင်၏ လွှမ်းမိုးမှုကို ရည်ညွှန်းခြင်းသာဖြစ်သည်ဟု အိမ်ဖြူတော်က အခိုင်အမာ ပြောဆိုရင်း ပူတင်အပေါ် သမ္မတ ဘိုင်ဒင် ပြောဆိုသည့် မကြုံစဖူး မှတ်ချက်စကားများကို ပြင်းထန်မှု လျော့ပါးစေရန် လုပ်ဆောင်ခဲ့သည်။ သို့သော် ယင်းနှင့်ပတ်သက်ပြီး ကရင်မလင်ဘက်က ယင်း၏ မကျေမနပ်ဖြစ်မှုကို ရှင်းရှင်းလင်းလင်း ပြခဲ့သည်။

ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများက နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အခွင့်အလမ်းများကို လျော့ပါးစေသည်ဟု အရာရှိတစ်ဦးက ပြောသည်။

ဘိုင်ဒင်သည် ပူတင်အ‌ပေါ် ပြင်းထန်သည့် စကားလုံးများ သုံးနှုန်း ပြောဆိုခဲ့သလို တစ်ချိန်တည်းမှာပင် သာမန်ရုရှပြည်သူများကို ဖျောင်းဖျပြောဆိုရန် ကြိုးပမ်းခဲ့သည်။ ရုရှနိုင်ငံသားတို့မှာ “မိမိတို့၏ ရန်သူများ မဟုတ်” ကြောင်း ဘိုင်ဒင်က ပြောခဲ့သလို အနောက်အုပ်စုဘက်မှ ရုရှအပေါ် ကြီးလေးသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းအတွက် ၎င်းတို့၏ သမ္မတ (ပူတင်) ကိုသာ ပြစ်တင်ကြရန် ဘိုင်ဒင်က တိုက်တွန်းသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required