အမေရိကန်က တောင်တရုတ်ပင်လယ်တွင် ထောက်လှမ်းရေးသင်္ဘော ၃ စီး တပ်ဖြန့်ထား

အမေရိကန်က တောင်တရုတ်ပင်လယ်တွင် ထောက်လှမ်းရေးသင်္ဘော ၃ စီး တပ်ဖြန့်ထား

အမေရိကန်ရေတပ်က တောင်တရုတ်ပင်လယ်အတွင်းတွင် သမုဒ္ဒရာစောင့်ကြည့်ထောက်လှမ်းရေးသင်္ဘော ၃ စီးကို တပ်ဖြန့်ထားပြီးနောက် လျှိူ့ဝှက်ထောက်လှမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည်ဟု တရုတ်က စွပ်စွဲလိုက်သည်။

ဖိလစ်ပိုင်နှင့်အမေရိကန်တို့၏ အကြီးစားပူးတွဲစစ်ရေးလေ့ကျင့်မှု Balikatan 22 မတိုင်မီ လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် မတ်လ ၁၇ ရက်က တောင်တရုတ်ပင်လယ်ထဲသို့ ဝင်ရောက်ခဲ့သည်။

သင်္ဘောခြေရာခံဝက်ဘ်ဆိုဒ် MarineTraffic ၏ အချက်အလက်များအရ သမုဒ္ဒရာစောင့်ကြည့်‌ရေးသင်္ဘော USNS Bowditch သည် ဒန်နန်း အရှေ့ဘက် ရေမိုင် ၆၀ နှင့် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်း၏ တောင်ဘက် ရေမိုင် ၉၀ ခန့်အကွာရှိ ဗီယက်နမ်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန် (EEZ) တွင်လက်ရှိ ခုတ်မောင်းလျက်ရှိသည်။

တစ်ချိန်တည်းမှာပင် အခြားသော သမုဒ္ဒရာစောင့်ကြည့်ရေးသင်္ဘော USNS Effective သည်လည်း တရုတ်က ဟွမ်ကျန်းကျွန်းဟုခေါ်သော Scarborough ရေတိမ်သောင်ခုံမှ ရေမိုင် ၂၅၀ အကွာ ဖိလစ်ပိုင်နိုင်ငံ အနောက်မြောက်ဘက် ရေပြင်တွင်ရှိနေသည်။

တတိယမြောက် သမုဒ္ဒရာစောင့်ကြည့်ရေးသင်္ဘော USNS Loyal သည် ထိုင်ဝမ်အရှေ့ဘက်ပင်လယ်ပြင်တွင် တည်ရှိသည်။

တရုတ်အစိုးရပိုင် Global Times သတင်းဌာနက တရုတ်နှင့်ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ပွဲအတွက် ထောက်လှမ်းမှုလုပ်ဆောင်နေသည့် သူလျှိုသင်္ဘောများဖြစ်ကြောင်းနှင့် မတ် ၁၇ ရက်ကတည်းက ရေပြင်သို့ ရောက်ရှိနေခဲ့ကြောင်း ဖော်ပြထားသည်။

အမေရိကန်ရေတပ်သည် မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံအနီးသို့ သူလျှိုသင်္ဘောများကို မကြာခဏစေလွှတ်ခဲ့သော်လည်း တစ်ချိန်တည်းတွင် အများအပြားမြင်တွေ့ရခြင်းမှာ ထူးဆန်းသည် ဟု Global Times ကဖော်ပြသည်။

ယူကရိန်း၌ စစ်ပွဲများပြင်းထန်နေချိန်တွင် သင်္ဘောများ ဖြန့်ကြက်ချထားခြင်းမှာ အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်၏ ကတိကဝတ်ကို ပြသခြင်းဖြစ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly