ဆော်ဒီအာရေဗျတွင် ထိန်းသိမ်းခံထားရသော ဝီဂါ၂ ဦး တရုတ်သို့ ပြန်ပို့ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ

ဆော်ဒီအာရေဗျတွင် ထိန်းသိမ်းခံထားရသော ဝီဂါ၂ ဦး တရုတ်သို့ ပြန်ပို့ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ

၂၀၂၀ ခုနှစ် နိုဝင်ဘာလကတည်းက ဆော်ဒီအာရေဗျတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော ဝီဂါအမျိုးသား ၂ ဦးသည် တရုတ်နိုင်ငံသို့ အတင်းအကျပ်ပြန်ပို့ခံရမည့် အန္တရာယ်ရှိနေသည်ဟု နိုင်ငံတကာအခွင့်အရေးအဖွဲ့ Amnesty International က မတ်လ ၂၃ တွင် ပြောသည်။

ဘာသာရေးပညာရှင် ဟာမစ်ဒူလာဝါလီနှင့် ၎င်း၏အခန်းဖော် နာမီမတ်ရိုဇီတို့သည် တူရကီနိုင်ငံမှ မက္ကာမြို့သို့ မွတ်စလင်ဘာသာရေးဘုရားဖူးခရီးစဉ်ဖြင့် သွားစဉ် နိုဝင်ဘာ ၂၀ ရက်က ဖမ်းဆီးခံခဲ့ရသည်။

ဝါလီနှင့်ရိုဇီတို့ကို ဆော်ဒီအာရေဗျနိုင်ငံမြို့တော် ရီယာ့ဒ်ကို လွှဲပြောင်းပေးလိုက်ခြင်းသည် နေရပ်သို့ ပြန်ပို့မည့် အရိပ်လက္ခဏာဖြစ်ကြောင်း လန်ဒန်အခြေစိုက် Amnesty International က မတ်လ ၁၆ ရက်နေ့က ပြောသည်။

နိုင်ငံအနောက်ဘက်စွန်း ရှင်ကျန်းဒေသရှိ မွတ်စလင်လူနည်းစုများကို တရုတ်အစိုးရက နှိမ်နင်း နေသောကြောင့် ဝီဂါအမျိုးသား ၂ ဦးအား နိုင်ငံသို့ လွှဲပြောင်းပေးမည့် အစီအစဉ်ကို ရပ်တန့်ရန် Amnesty International က ဆော်ဒီအာဏာပိုင်များကို တိုက်တွန်းထားသည်။

“တရုတ်နိုင်ငံကို ပို့လိုက်မယ်ဆိုရင် ဒီလူ ၂ ဦးဟာ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရင်ဆိုင် နေရတဲ့ အခြားဝီဂါထောင်ပေါင်းများစွာလို ရှင်ကျန်းရဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ စခန်းတွေ ဒါမှမဟုတ် အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီးချုပ်နှောင်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံရနိုင်ဖွယ်ရှိပါတယ်” ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး လင်းမာလုဖ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆော်ဒီအစိုးရသည်တရုတ်၏ အကြမ်းဖက်တိုက်ဖျက်ရေးစီမံချက်များကို လူသိရှင်ကြားထောက်ခံထားပြီး ရှင်ကျန်းရှိ မွတ်စလင်ဝီဂါအများစုနှင့် အခြားတာကစ်လူနည်းစုများကို နှိမ်နင်းခြင်းအား တိတ်တဆိတ် သဘောတူထားကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။

ဆော်ဒီအာဏာပိုင်များသည် အလုပ်ကိစ္စ သို့မဟုတ် မက္ကာသို့ ဘုရားဖူးခရီးလာသော အခြားဝီဂါများကိုလည်း တရုတ်နိုင်ငံသို့ ပြန်ပို့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly