တာလီဘန်၏ ရန်ကို ကြောက်၍ ပုန်းရှောင်နေရသည့် အာဖဂန် လေယာဉ်မှူးများ

တာလီဘန်၏ ရန်ကို ကြောက်၍ ပုန်းရှောင်နေရသည့် အာဖဂန် လေယာဉ်မှူးများ

အာဖဂန်လေယာဉ်မှူး ၃ ဦးသည် ယမန်နှစ်က အာဖဂန်လေတပ်၏ လက်ရွေးစင် အထူးမစ်ရှင်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ တာလီဘန်တို့ကို ဝေဟင်ကနေ တိုက်ခိုက်ရန် အမေရိကန်တို့ လေ့ကျင့်သင်ကြားပေးထားခဲ့သည့် ထိုလေယာဉ်မှူးများသည် အာဖဂန်စစ်တပ်၏ လက်ရွေးစင် အထူးတပ်ဖွဲ့ဝင်များထဲတွင် ပါဝင်သူများ ဖြစ်ကြသည်။

သို့သော် လက်ရှိအချိန်တွင် ၎င်းတို့သည် မိသားစုများကို ဘေးကင်းလုံခြုံရာ နေအိမ်တစ်အိမ်မှ နောက်တစ်အိမ်သို့ ရွှေ့ပြောင်းပေးရင်း ၎င်းတို့ကိုယ်တိုင်မှာလည်း တာလီဘန်တို့၏ လိုက်လံရှာဖွေမှုကနေ လွတ်မြောက်ရန် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မကြာသေးခင်က အာဖဂန်အစိုးရသစ်၏ ပေါ်ထွန်းစ လေတပ်တွင် ပူးပေါင်းပါဝင်ရန် အာဖဂန်လေတပ် တပ်ဖွဲ့ဝင်ဟောင်းများကို တာလီဘန်တို့က ဖိတ်ခေါ်ခဲ့သလို ၎င်းတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ကတိပြုခဲ့သော်လည်း ယင်းကမ်းလှမ်းချက်ကို လက်ခံရန် အထက်ပါအာဖဂန်လေယာဉ်မှူးများက မည်သည့်အခါကမှ စဉ်းစားခဲ့ခြင်း မရှိပေ။

“မမျှော်လင့်နဲ့။ ဝေးပါးသေးရဲ့” ဟု အာဖဂန်လေယာဉ်မှူးတစ်ဦးက ပြောသည်။ ၎င်းသည် ယခင်ကာလက တာလီဘန်တို့ကို ပစ်မှတ်ထားသည့် တိုက်ခိုက်ရေးအစီအစဉ် ၃ ဒါဇင်ခန့်အတွင်း တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို မောင်းနှင်ပျံသန်းခဲ့သူ ဖြစ်သည်။

“သူတို့ (တာလီဘန်) က ကျွန်တော်တို့ကို သတ်မှာ သေချာပါတယ်” ဟု ၎င်းက ပြောသည်။

သို့သော် ယခင်အာဖဂန်လေတပ်၏ အမှုထမ်းဟောင်း အနည်းဆုံး ၄,၃၀၀ ခန့်သည် အခြေတည်စ လက်ရှိလေတပ်တွင် ပူးပေါင်းပါဝင်ထားခဲ့ကြောင်း ကဘူးလ်ရှိ တာလီဘန်လေတပ် တပ်မှူးနှင့် ယခင်အစိုးရလေတပ် တပ်ဖွဲ့ဝင်ဟောင်းများက ပြောကြသည်။ ၎င်းတို့အနက် လေယာဉ်မှူး ၃၃ ဦးလည်း ပါ၀င်သည်ဟု တပ်မှူးက ပြောသည်။

တာလီဘန်တို့၏ လွတ်ငြိမ်းချမ်းသာခွင့် ကမ်းလှမ်းချက်အရ အမေရိကန် လေ့ကျင့်ပေးထားသော လေယာဉ်မှူးများ၊ စက်ပြင်ဆရာများနှင့် လေယာဉ်အမှုထမ်းများအနေဖြင့် စဉ်းစားရခက်သော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ရမည့် အခြေအနေနှင့် ထိပ်တိုက်ကြုံတွေ့ခဲ့သည်။ ယင်းမှာ တာလီဘန်တို့ဘက်မှ လက်တုံ့ပြန် သတ်ဖြတ်မှုများ၊ အစဖျောက်မှုများနှင့်ပတ်သက်သည့် အတည်ပြုထားသော သတင်းများ ရှိနေသော်လည်း အစိုးရသစ်က ၎င်းတို့အား အပြစ်ပေးမည် မဟုတ်ဟု ယုံကြည်ရင်း ပုန်းအောင်းရာနေရာမှ ထွက်လာမလား သို့မဟုတ် မြေအောက်မှာပင် အကန့်အသတ်မရှိ ဆက်ရှိနေမလား ဆိုသည်ပင် ဖြစ်သည်။ .

ယခင်အချိန်ကာလများအတွင်း တာလီဘန်တိုက်ခိုက်ရေးသမားများကို သတ်ခဲ့သည့်အတွက် ၎င်းတို့ကိုလည်း တာလီဘန်တို့က သေချာပေါက် ပြန်လက်စားချေလိမ့်မည်ဟု အခြားသော လေယာဉ်မှူးဟောင်းများနည်းတူ ၎င်းတို့လည်း ယုံကြည်ကြောင်း အထူးတပ်ဖွဲ့ဝင်ဟောင်း ၃ဦးက ပြောသည်။ ယင်းအတွက်ကြောင့်

၎င်းတို့အနေဖြင့် ၎င်းတို့၏ အမေရိကန်သင်တန်းဆရာဟောင်းများကို ဆက်သွယ်ရန် ကြိုးစားရင်း နိုင်ငံကနေ ထွက်ခွာနိုင်ရန် အကူအညီ တောင်းခံလျက် ရှိသည်။

၎င်းတို့၏ လုံခြုံရေးအတွက် နယူးယော့ခ်တိုင်းက ၎င်းတို့၏ အမည်များကို ဖော်ပြခြင်း မရှိပေ။ အာဖဂန်နစ္စတန် တွင် စစ်သွေးကြွများ၏ အုပ်ချုပ်မှု ပထမဆုံး နှစ်လခွဲကာလအတွင်းမှာပင် အာဖဂန်လုံခြုံရေးတပ်ဖွဲ့၏ တပ်ဖွဲ့ဝင်ဟောင်း ၁၀၀ ကျော်သည် တာလီဘန်များ၏ သတ်ဖြတ်ခြင်း သို့မဟုတ် ၎င်းတို့လက်အတွင်း ပျောက်ဆုံး သွားခြင်းတို့ ဖြစ်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုများအတွက် သောင်းကျန်းသူများကို ပစ်မှတ်ကူရှာပေးရင်း အထူးမစ်ရှင်တပ်ဖွဲ့၏ အာရုံခံကိရိယာ အော်ပရေတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုဗိုလ်တစ်ဦးက ပြောကြားရာတွင် လက်ရှိတွင် ၎င်းကို အမေရိကန်မဟာမိတ်များက ပစ်ထားခဲ့ပြီဟု ခံစားနေရသည်ဟု ပြောခဲ့သည်။

ထို့ပြင် ၎င်း၏ ဆွေမျိုးများနှင့် အိမ်နီးချင်းများမှာလည်း ၎င်းကို လိုက်ရှာနေသည့် တာလီဘန်အဖွဲ့ဝင်များ၏ မေးမြန်းမှုများနှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသည်ဟု ၎င်းက ပြောသည်။

ခြွင်းချက်အနည်းငယ်နှင့်အတူ အမေရိကန်အစိုးရ သို့မဟုတ် စစ်တပ်အတွက် အလုပ်လုပ်ပေးခဲ့သူများအဖြစ် အသိအမှတ်ပြုခံရသည့် စကားပြန်များနှင့် အခြား အာဖဂန်များကို အမေရိကန်နိုင်ငံခြားရေးဌာနမှ ဗီဇာများ ထုတ်ပေးခဲ့သော်လည်း ယခင်အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များမှာမူ ယင်းကဲ့သို့ ဗီဇာများကို မရှိခဲ့ပေ။ ၎င်းတို့ အနေဖြင့် နိုင်ငံထဲမှ ဘေးလွတ်ရာ ထွက်ခွာနိုင်ရန် ရှင်းလင်းသည့် လမ်းကြောင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly