ပါကစ္စတန် ကရာချိမြို့၌ လုယက်မှုပေါင်း ၁၀၀ ခန့်ကို ကျူးလွန်ခဲ့သည့် လူဆိုးဂိုဏ်းကို ရဲက ဖမ်းဆီး

By Zee5
25 March 2022
ပါကစ္စတန် ကရာချိမြို့၌ လုယက်မှုပေါင်း ၁၀၀ ခန့်ကို ကျူးလွန်ခဲ့သည့် လူဆိုးဂိုဏ်းကို ရဲက ဖမ်းဆီး

ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် အမျိုးသမီးများကို သေနတ်ထောက်ကာ ရွှေငွေလက်ဝတ်လက်စားများ လုယက်ထားခဲ့သည့် လူဆိုးဂိုဏ်းတစ်ဂိုဏ်းကို ရဲတပ်ဖွဲ့က မတ်လ ၁၆ ရက်တွင် ဖမ်းဆီးနိုင်ခဲ့သည်။

အဆိုပါ လူဆိုးဂိုဏ်းသည် ရွှေငွေလက်ဝတ်ရတနာများကို လုယက်သည့် လုယက်မှုပေါင်း ၁၀၀ ကျော်တွင် ပါဝင်ကျူးလွန်ထားခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း လှုပ်ရှားထားခဲ့ပြီး တစ်ပတ်လျှင် ပြစ်မှု ၃ ခုမှ ၄ခုအထိ ကျူးလွန်လေ့ ရှိကြောင်း သိရသည်။

“သူတို့ဟာ လုယက်မှုပေါင်း ၁၀၀ ကျော်အထိ ကျူးလွန်ထားခဲ့ပါတယ်” ဟု ကရာချိမြို့ တောင်ပိုင်း ရဲတပ်ဖွဲ့ ရဲမှူး အီဂျက်ဇ် အာမက်ဒ်က ပြောသည်။

လူဆိုးဂိုဏ်းတွင် အဓိကကျသူဖြစ်သည့် ဂျီဘရန် ဆိုသူအပါအဝင် အခြား ဂိုဏ်းသားများဖြစ်ကြသည့် အနီးစ်နှင့် ဝါကက်စ်တို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲမှူး အီဂျက်ဇ် အာမက်ဒ်နှင့် ရဲမှူး ဖာရွတ် ရာဇာတို့က မီဒီယာနှင့် တွေ့ဆုံစဉ် ပြောသည်။

တာဝန်ရှိသူများ၏ အဆိုအရ တရားခံများသည် အမျိုးသမီးများကို သေနတ်ထောက်ပြီး ရွှေငွေ လက်ဝတ်ရတနာများ လုယက်မှုကို ကျူးလွန်ထားခဲ့သူများဖြစ်ကြောင်း သိရသည်။

“သူတို့တွေဟာ ကလစ်ဖ်တန်နဲ့ ဂစ်ဇ်ရီ ရပ်ကွက်တွေအပြင် ကရာချိမြို့ရဲ့ ဧရိယာအသီးသီးမှာ ပြစ်မှုတွေ ကျူးလွန်ထားခဲ့ပါတယ်” ဟု အာမက်ဒ်က ပြောခဲ့ပြီး အဓိက တရားခံဖြစ်သူမှာ တောင်အာဖရိကတွင် ရှိနေသည်ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly