တရုတ်၏ ကိုဗစ်ကာကွယ်ဆေး သံခင်းတမန်ခင်း အဆင်မပြေဖြစ်နေ

တရုတ်၏ ကိုဗစ်ကာကွယ်ဆေး သံခင်းတမန်ခင်း အဆင်မပြေဖြစ်နေ

တရုတ်နိုင်ငံက ကပ်ရောဂါကာလအတွင်းတွင် နိုင်ငံအသီးသီးသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပံ့ပိုးပေးခြင်းဖြင့် တာဝန်သိကမ္ဘာ့ဦးဆောင်နိုင်ငံအဖြစ် ထူထောင်ရန် ကြိုးပမ်းနေသော်လည်း ယင်းကာကွယ်ဆေးများသည် အမေရိကန်နှင့် အိန္ဒိယအပါအဝင် အခြားကမ္ဘာ့နိုင်ငံများမှ ကာကွယ်ဆေးများနှင့်နှိုင်းယှဉ်ပါက ထိရောက်မှုနည်းသဖြင့် အခက်အခဲဖြစ်သွားသည်။

ဆေးအစွမ်းထိရောက်မှုနည်းသဖြင့် တရုတ်နိုင်ငံ၏ လစဉ်ကာကွယ်ဆေးတင်ပို့မှုသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း ၅၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း UNICEF က ထုတ်ပြန်ထားသည်။

တရုတ်အစိုးရသည် တခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် COVAX အစီအစဉ်သို့ ကာကွယ်ဆေး လှူဒါန်းမှုအနည်းသာ ပြုလုပ်သော်လည်း မိမိကိုယ်ကို ကျန်းမာရေးဆိုင်ရာ ဦးဆောင်နိုင်ငံအဖြစ် ပြသရန် ကြိုးစားခဲ့သည်။

ကမ္ဘာတွင် တရုတ်နိုင်ငံ၏ ကာကွယ်ဆေးထောက်ပံ့မှု ၉၀ ရာခိုင်နှုန်းကျော်သည် ရောင်းချမှုပုံစံဖြင့် ရှိနေသည်။

တရုတ်နိုင်ငံသည် ၂၀၂၁ နှစ်ကုန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးပမာဏ ၁ ဒသမ ၃ ဘီလီယံနီးပါးကို ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများသို့ အဓိကတင်ပို့ခဲ့ရာတွင် အဆိုပါပို့ကုန်အများစုသည် လှူဒါန်းမှုမဟုတ်ဘဲ စီးပွားဖြစ်ရောင်းချခြင်းဖြစ်ကြောင်းGlobal Strat View သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

ဝူဟန်မြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်လာပြီးနောက် ကမ္ဘာတွင် တရုတ်၏ပုံရိပ် ဆိုးဆိုးရွားရွား ထိခိုက်လာကာ ကိုဗစ်ကာကွယ်ဆေးသံခင်းတမန်ခင်းဖြင့် အဖတ်ဆယ်ရန်ကြိုးပမ်းနေသော်လည်း ဆေး၏အစွမ်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly