ပူတင်၏ အကြံပေးပုဂ္ဂိုလ် ရာထူးနုတ်ထွက်ပြီး နိုင်ငံကနေ ထွက်ခွာ

ပူတင်၏ အကြံပေးပုဂ္ဂိုလ် ရာထူးနုတ်ထွက်ပြီး နိုင်ငံကနေ ထွက်ခွာ
Photo : Crd

မတ်လ ၂၄ ရက်

ရုရှသမ္မတ ဗလာဒီမာ ပူတင်၏ အရေးပါထင်ရှားသော အကြံပေးတစ်ဦးဖြစ်သည့် အနတ်တိုလီ ချူဘိုင့်စ်သည် ရာထူးမှ နုတ်ထွက်ပြီး နိုင်ငံကနေ ထွက်ခွာသွားကြောင်း သိရသည်။ ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်မှုနှင့်ပတ်သက်ပြီး ၎င်းသည် ရုရှအစိုးရအား ကျောခိုင်းစွန့်ခွာခဲ့သည့် အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။

ရေရှည်ထိန်းထားနိုင်သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်ဆံရေးကို တာဝန်ယူရသည့် ရုရှအစိုးရ၏ အထူးသံတမန် ဖြစ်သော အနတ်တိုလီ ချူဘိုင့်စ် သည် အစိုးရရာထူးတာဝန်ကနေ ထွက်ခွာထားခဲ့ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က အတည်ပြုထားသည်။

ချူဘိုင့်စ် နုတ်ထွက်မှုတွင် ယူကရိန်း၌ ရုရှသမ္မတ ဗလာဒီမာ ပူတင်၏ စစ်ပွဲ ဆင်နွှဲမှုကို ၎င်း၏ ဆန့်ကျင်မှုက အရင်းခံနေကြောင်း ယင်းအခြေအနေနှင့်ပတ်သက်ပြီး သိရှိသူ နှစ်ဦးက ယခုစတိုရီကို ပထမဆုံးဖော်ပြခဲ့သည့် Bloomberg News ကို ပြောသည်။

ချူဘိုင့်စ်သည် လက်ရှိတွင် တူရကီ၌ ရောက်ရှိနေသည်ဟု သိရပြီး ငွေထုတ်စက်တစ်ခု၌ ရပ်နေသည့် ရုရှအစိုးရအရာရှိဟောင်းတစ်ဦးနှင့် ဆင်သည့် အမျိုးသားတစ်ဦး၏ ဓာတ်ပုံကို Kommersant သတင်းစာက ဖော်ပြခဲ့သည်။ ထို့ပြင် ချူဘိုင့်စ်ကို ပြီးခဲ့သည့်အပတ်က အစ္စတန်ဘူလ်တွင် တွေ့ခဲ့ရသည်ဟု ဆိုသည်။

ချူဘိုင့်စ် အစိုးရ ရာထူးကနေ နုတ်ထွက်သွားကြောင်း ရုရှအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့သော်လည်း ၎င်း နိုင်ငံကနေ ထွက်ခွာသွားခြင်း ရှိ၊ မရှိ မပြောဆိုခဲ့ပေ။

ချူဘိုင့်စ်သည် ရုရှအစိုးရအဖွဲ့တွင် အထူးတလည် ဩဇာညောင်းသူတစ်ဦး မဟုတ်သလို လုံခြုံရေးကိစ္စများတွင်လည်း ပြောပိုင်ခွင့်ရှိသူ မဟုတ်သော်လည်း ရုရှနိုင်ငံသားအများစုက ၎င်း၏ အမည်ကို သိနေသည့် နိုင်ငံတစ်နိုင်ငံတွင် ၎င်း၏ ရာထူးနုတ်ထွက်မှုက သတင်းထူး ဖြစ်စေသည်။

ထို့ပြင် ချူဘိုင့်စ်သည် ၁၉၉၀ ပြည့်နှစ် ရုရှ၏ အငြင်းပွားဖွယ် ပုဂ္ဂလိကပိုင်ပြုမှု အစီအစဉ်၏ ဗိသုကာအဖြစ် လူသိများသည်။ ထို ပုဂ္ဂလိကပိုင်ပြုမှု အစီအစဉ်က နိုင်ငံ၏ ဈေးကွက်စီးပွားရေးကို ကူညီဖန်တီးပေးခဲ့သလို အလွန့်အလွန် ကြီးမားသော ကြွယ်ဝမှုများကို ချမ်းသာသည့် လူနည်းစု တစ်စု၏ လက်ထဲသို့ စုစည်းရောက်ရှိစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly