ယူကရိန်းစစ်တပ်အတွက် ဒုံးကျည်များနှင့် ငွေကြေးအကူအညီ ဗြိတိန် ပေးပို့မည်

ယူကရိန်းစစ်တပ်အတွက် ဒုံးကျည်များနှင့် ငွေကြေးအကူအညီ ဗြိတိန် ပေးပို့မည်

မတ်လ ၂၄ ရက်

ရုရှတပ်များနှင့် တိုက်ခိုက်နေရသည့် ယူကရိန်းစစ်တပ်ကို ကူညီသည့်အနေဖြင့် ဒုံးကျည် ၆,၀၀၀ နှင့် စတာလင်ပေါင် ၂၅ သန်း (ဒေါ်လာ ၃၃ သန်း) တန်ဖိုးရှိ ဘဏ္ဍာရေးအကူအညီတို့ကို ဗြိတိန်နိုင်ငံက ပေးပို့သွားမည် ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က မတ်လ ၂၃ ရက်တွင် ပြောကြားသည်။

ရုရှ ကျူးကျော်မှုအရေး ဆွေးနွေးသွားရန် ရှိသည့် နေတိုးအုပ်စုနှင့် ဂျီ ၇ ထိပ်သီးအစည်းအဝေးပွဲ မတိုင်မီ ယခုကဲ့သို့ ယူကရိန်းအတွက် တင့်ကားဖျက်ဒုံး နှင့် ပေါက်ကွဲအားပြင်းသည့် လက်နက်များအပါအဝင် ထပ်တိုး စစ်လက်နက်ပစ္စည်းများနှင့် ဘဏ္ဍာငွေအကူအညီ ပေးအပ်မည့် ကိစ္စကို ဗြိတိန်က ကြေညာခဲ့ခြင်း ဖြစ်သည်။

“ယူကရိန်းကို ကာကွယ်‌ရေးဆိုင်ရာ အထောက်အပံ့တွေ တိုးမြှင့်ပေးအပ်တာ၊ ရုရှအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်လုပ်ဆောင်တာတို့အပါအဝင် မော်စကိုရဲ့ လုပ်ဆောင်ချက်တွေကို တုံ့ပြန်ရာမှာ ထိရောက်မြန်ဆန်စွာ လုပ်ဆောင်ကြဖို့အတွက် ဗြိတိန်ခေါင်းဆောင်က အနောက်အုပ်စု မဟာမိတ်တွေကို တိုက်တွန်းသွားမှာ ဖြစ်တယ်” ဟု ၎င်း၏ ရုံးက ပြောသည်။

ပိုမိုအလှမ်းကွာဝေးသည့် ပစ်မှတ်ထားမှုနှင့် ထောက်လှမ်းမှုတို့ အပါအဝင် ယူကရိန်း၏ ခုခံကာကွယ်မှုဆိုင်ရာ လုပ်နိုင်စွမ်းများကို မြှင့်တင်ပေးနိုင်ရန် မိတ်ဘက်ပါတနာများနှင့် အတူလက်တွဲလုပ်ဆောင်လိုသည့် လန်ဒန်၏ ရည်မှန်းချက်ကို ဗြိတိန်ဝန်ကြီးချုပ်က အသေးစိတ်ပြောလိမ့်မည်ဟု ဒေါင်းနင်းလမ်း ရုံးက ပြောသည်။

“ရုရှတို့က ယူကရိန်းရဲ့ မြို့ငယ်၊ မြို့ကြီးတွေကို တိုက်ခိုက်နေချိန်မှာ ကျွန်တော်တို့ဟာ လက်ပိုက်ကြည့်မနေနိုင်သလို လက်ပိုက်ကြည့်နေမှာလည်း မဟုတ်ပါဘူး” ဟု ကိယက်ဗ်အတွက် အကူအညီပေးအပ်မှုအသစ်ကို ထုတ်ဖော်သည့် ကြေညာချက်ထဲတွင် ဂျွန်ဆင်က ပြောခဲ့သည်။

“ဒီ စစ်ပွဲမှာ ယူကရိန်းတို့ အခြေအနေကို ပြောင်းလဲပြီး သူတို့ရဲ့ ကာကွယ်နိုင်စွမ်းတွေ အားကောင်းစေအောင်လို့ ယူကရိန်းကို စစ်ရေးနဲ့ စီးပွားရေး အကူအညီတွေ အရှိန်မြှင့်ပေးအပ်ဖို့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့အတူ ဗြိတိန်ဘက်က လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ဂျွန်ဆင်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly