အာဖဂန်နစ္စတန်၌ လူဦးရေ ၉၅ ရာခိုင်နှုန်းသည် အစားအစာ မလုံလောက်မှု ကြုံနေရဟု ကုလ ပြော

By Khaama
24 March 2022
အာဖဂန်နစ္စတန်၌ လူဦးရေ ၉၅ ရာခိုင်နှုန်းသည် အစားအစာ မလုံလောက်မှု ကြုံနေရဟု ကုလ ပြော

အာဖဂန်နစ္စတန်နိုင်ငံတွင် ကြုံတွေ့နေရသော စားနပ်ရိက္ခာ မဖူလုံမှု၊ အစားအစာ မလုံလောက်မှုနှင့် အရွယ်အစားကြီးမားသည့် လူသားချင်းစာနာမှု အကျပ်အတည်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက ထုတ်ဖော်ခဲ့ပြီး အာဖဂန်လူဦးရေ၏ ၉၅ ရာခိုင်နှုန်းသည် အစားအစာများကို လုံလုံလောက်လောက် စားသောက်နိုင်ခြင်း မရှိသလို အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများတွင် ထိုအခြေအနေနှင့် ရာနှုန်းပြည့်ကြုံနေရကြောင်း ပြောခဲ့သည်။

အာဖဂန်နစ္စတန်တွင် စိုးရိမ်ဖွယ်ရာကောင်းသည့် ဆာလောင်မှုနှင့် ကြုံတွေ့နေရသူဦးရေသည် ၂၀၂၁ ခုနှစ် ဇူလိုင်လက ၁၄ သန်း ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ် မတ်လတွင် ၂၃ သန်းအထိ မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂက ပြောသည်။

အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဒုတိယအထူးကိုယ်စားလှယ်၊ ဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်သည့် ရာမစ်ဇ် အလက်ခ်ဘာရော့ဗ်က ၂၀၂၂ မတ်လ ၁၅ ရက်၌ သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာတွင် အာဖဂန်နစ္စတန်၌ စိုးရိမ်ဖွယ်ရာ အဆင့်ရှိသည့် ဆာလောင် ငတ်မွတ်မှုကြောင့် ပြည်သူများအနေဖြင့် အစားအစာများကို လျှော့ကာ စားသောက်ခြင်း သို့မဟုတ် ချေးငွေများ ရယူကာ ကြွေးမြီများတင်ခြင်း တို့ကဲ့သို့သော လုပ်ဆောင်ချက်များကို မတတ်သာဘဲ လုပ်ဆောင်ခဲ့ကြရကြောင်း ပြောခဲ့သည်။

အခြေအနေသည် အထူးသဖြင့် ကလေးများအပေါ် ဆိုးဆိုးရွားရွား ထိခိုက်စေလျက်ရှိပြီး ယင်းနိုင်ငံတွင် ဥပဒေအရ အရွယ်မရောက်သေးသူ ၃ ဒသမ ၅ သန်းသည် အာဟာရချို့တဲ့မှုကြောင့် ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသည် ဟု အလက်ခ်ဘာရော့ဗ်က ပြောခဲ့သည်။

“ဆေးရုံဆောင်တွေမှာ အာဟာရချို့တဲ့မှု ဝေဒနာခံစားနေရတဲ့ ကလေးတွေနဲ့ ပြည့်နေပါတယ်။ အဲဒီကလေးတွေဟာ သူတို့မှာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် လျော့နေပါတယ်။ အဲဒီက တစ်နှစ်အရွယ် ကလေးအများအပြားရဲ့ ကိုယ်အလေးချိန်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံမှာ ဆိုရင် ၆လသားအရွယ် ကလေးတစ်ယောက်ရဲ့အလေးချိန်မျိုး ဖြစ်နေပါတယ်။ ကလေးတစ်ချို့ဆိုရင် လှုပ်ရှားသွားလာတာမျိုး မလုပ်နိုင်တော့အထိ တော်တော်လေး ချည့်နဲ့နေပါတယ်” ဟု အလက်ခ်ဘာရော့ဗ်က ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly