ပညာသင်ဆု အစီအစဉ်မှတဆင့် ပါကစ္စတန်တို့ ကက်ရှ်မီးယား၌ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့နေ

By The Epoch Times
24 March 2022
ပညာသင်ဆု အစီအစဉ်မှတဆင့် ပါကစ္စတန်တို့ ကက်ရှ်မီးယား၌ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့နေ

ပါကစ္စတန်သည် ဆေးပညာဆိုင်ရာ ပညာသင်ဆု အစီအစဉ်တစ်ခုမှတဆင့် အိန္ဒိယ ထိန်းချုပ်သည့် ကက်ရှ် မီးယားဒေသ၌ အကြမ်းဖက်ဝါဒကို ငွေကြေးထောက်ပံ့လျက် ရှိသည်ဟု အိန္ဒိယ စုံစမ်းစစ်ဆေးရေး အရာရှိတစ်ဦးက ပြောသည်။

ကမ္ဘာ့ အန္တရာယ်အရှိဆုံးသော ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ပေါက်ကွဲလုနီးပါးအခြေအနေရှိသည့် ဒေသများအနက် တစ်ခုဖြစ်သည့် ကက်ရှ်မီးယားတွင် ခွဲထွက်ရေးဝါဒီ စစ်သွေးကြွများကို ပါကစ္စတန်တို့ ကျောထောက်နောက်ခံပေးနေသည်ဆိုသည့် အိန္ဒိယ၏ ကာလကြာ ကိုင်ဆွဲထားသော အခိုင်အမာ ပြောဆိုချက်များကို ယခု ထုတ်ဖော်ချက်များက ထောက်ခံပေးလျက် ရှိသည်။

ပါကစ္စတန် နည်းပညာဆိုင်ရာ အကူအညီပေးမှု အစီအစဉ် (PTAP) ဟု ခေါ်သော တရားဝင် အစီအစဉ်သည် အိန္ဒိယထိန်းချုပ်သော ကက်ရှ်မီးယားဒေသမှ အသတ်ခံရသော ဂျီဟတ်ဒစ် ခွဲထွက်ရေးဝါဒီများ၏ မိသားစုဝင် များကို ပါကစ္စတန်တက္ကသိုလ်များ၌ ဆေးပညာ လေ့လာသင်ယူနိုင်ရန် ထောက်ကူပံ့ပိုးပေးခြင်းဖြစ်ကြောင်း လွတ်လပ်သော စုံစမ်းစစ်ဆေးသူတစ်ဦးဖြစ်သည့် အက်ဘ်ဟီနက်ဗ် ပန်ဒ်ယာက The Epoch Times ကို ပြောသည်။

ထို့ပြင် စကောလားရှစ် အစီအစဉ်သည် ကက်ရှ်မီးယားခွဲထွက်ရေးဝါဒီ ခေါင်းဆောင်များ ထောက်ခံချက်ပေးသော လျှောက်ထားသူများကိုလည်း လက်ခံပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပါကစ္စတန် ထောက်လှမ်းရေးဌာနသည် ခွဲထွက်ရေးဝါဒီအဖွဲ့အချို့ကို အဆိုပါ ပညာသင်ဆုများ ခွဲဝေချပေးပြီး ကက်ရှ်မီးယားကျောင်းသားများက စကောလားရှစ်အတွက် ထောက်ခံချက်ရရှိရန် ထို ခွဲထွက်ရေးဝါဒီအဖွဲ့များထံ ငွေကြေးပေးရကြောင်း သိရသည်။ ယင်းမှတဆင့် အဆိုပါ ခွဲထွက်ရေးဝါဒီ အဖွဲ့အစည်းများအနေဖြင့် ဒေသ၌ ၎င်းတို့၏ စစ်သွေးကြွလှုပ်ရှားမှုများအတွက် ရန်ပုံငွေများ ရှာခွင့်ရရှိကြောင်း ကက်ရှ်မီးယား၌ ကွင်းဆင်း သုတေသန အတွေ့အကြုံရှိသည့် အကြမ်းဖက်မှုနှိမ်နင်းရေးဆိုင်ရာ အကဲခတ်တစ်ဦးဖြစ်သော ပန်ဒ်ယာက ပြောသည်။

The Epoch Times မှ မြင်ခွင့်ရခဲ့သော ပန်ဒ်ယာ၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတစ်ရပ်အရ ပါကစ္စတန်ထောက်လှမ်းရေး (ISI) သည် ၂၀၂၀-၂၁ ခုနှစ်အတွက် ခွဲထွက်ရေးဝါဒီ အဖွဲ့အစည်း ၅ခုထံ ဆေးဘက်ဆိုင်ရာ ဘွဲ့ဒီဂရီ စကောလားရှစ်ဆုနေရာ ၁၀၀ ကို ခွဲဝေချထားပေးခဲ့သည်ဟု ဖော်ပြသည်။ ထိုအဖွဲ့များသည် နေရာတစ်ခုစီအတွက် ကျောင်းသားများထံမှ ဒေါ်လာ ၂၆,၀၀၀ မှ ဒေါ်လာ ၃၃,၀၀၀ (အိန္ဒိယရူပီး သိန်း ၂၀ မှ ၂၅ သိန်းအကြား) ကောက်ခံခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly