ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဖမ်းမိထားသူ နယ်ခြားစောင့်တပ်သားကို ဇွန် ၂၅ တွင် လွဲပြောင်း

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဖမ်းမိထားသူ နယ်ခြားစောင့်တပ်သားကို ဇွန် ၂၅ တွင် လွဲပြောင်း

ရန်ကုန် ၊ဇွန် ၂၅ ။      ။ မြန်မာ နယ်ခြားစောင့်တပ် က ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ တပ်သား တစ်ဦး ကို ဇွန် ၂၅ ရက် တွင် တရားဝင်လွဲပြောင်းပေးမည် ဟု နယ်ခြားစောင့်ရဲ ဌာန ချုပ်မှ အရာရှိတစ်ဦးကပြောသည်။

 မြန်မာ-ဘင်္ဂလားနယ်စပ် ရေပိုင်နက်အတွင်းသို့ ဝင်ရောက် လာသော ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ် မှ တပ်သား သုံးဦး အနက် ဖမ်းမိထားသူ တစ်ဦးကို နှစ်ဖက်အစိုးရ သဘောတူညီမှုဖြင့် လွဲပြောင်းပေးခြင်းဖြစ်သည် ဟု ဆိုသည်။

အဆိုပါ အရာရှိက "ဘင်္ဂလားဒေ့ရှ် ဘက်နဲ့ မြန်မာ ဘက်က အရာရှိတွေ အစည်းအဝေးလုပ် ပြီးတာနဲ့ သူတို့လူကိုလွဲပေး လိုက်တာပါ "ဟု ဆိုသည်။

 မောင်တော ခရိုင် နယ်ခြားစောင့်တပ် ဗဟိုဌာန ချုပ်တွင် ဇွန်၂၅ ရက် နံနက်ပိုင်းက နှစ်နိုင်ငံ အစည်းအဝေးပြုလုပ်ပြီးနောက် လွှဲပြောင်းပေးမည် ဖြစ်သည်။

 ဆွေးနွေးမှုတွင် လှေစီးဒုက္ခသည်များ ကို ဘင်္ဂလားဒေ့ရှ်က ပြန်လည်ခေါ်ယူရေး နှစ်ဖက် နယ်စပ်လုံခြုံရေး ပူးပေါင်းဆောင်ရွက် ရန် ၊မူးယစ်ဆေးဝါးတားဆီးကာကွယ်မှုများ ပူးပေါင်းဆောင်ရွက် ရေးတို့ ဆွေးနွေးခဲ့သည် ဟုဆိုသည်။

မောင်တော လ.ဝ.က ဦးစီးမှူး ဦးစောနိုင်က "ဘင်္ဂလားဒေ့ရှ်က လူတွေ မြန်မြန်စိစစ်ဖို့ ကိုပါ ဒီဘက်က တိုက်တွန်းခဲ့တယ်၊သူတို့ ဘက်ကတော့ သေချာအောင် အချိန်ယူနေတယ်လို့ပြောတာပေါ့ဗျ"ဟု ဆိုသည်။

 ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင်တစ်ဦးကို မြန်မာ အစိုးရ က ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ ဘင်္ဂလီ ငါးရာကျော်ကို လက်ခံမှ သာ ထိုလူကိုပြန်လွှတ်ပေး ရန်မြန်မာ အစိုးရက ဖိအားပေးမှုများပြုလုပ်ခဲ့သည် ဟု ပြည်ပ သတင်းစာအချို့တွင်ဖော်ပြ ခဲ့သည်။

 မြန်မာ ရေပိုင်နက် နတ်မြစ် အတွင်း ဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ် ယူနီဖောင်းဝတ်ဆင်ထားသူ သုံးဦးနှင့် မြန်မာ နယ်ခြားစောင့်တပ်တို့ ဇွန် ၁၇ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ဖွဲ့ဝင်တစ်ဦး ကို မြန်မာ ဘက်က ဖမ်းမိခဲ့ခြင်းဖြစ်သည်။

မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်တို့ ၂၀၁၄ ဇွန်လ အတွင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက် မှ လူ ၇ ဦးသေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly