နျူကလီးယားစစ်ပွဲတွင် ရုရှ နိုင်မည်မဟုတ်ဟု နေတိုး အကြီးအကဲ ပြော 

နျူကလီးယားစစ်ပွဲတွင် ရုရှ နိုင်မည်မဟုတ်ဟု နေတိုး အကြီးအကဲ ပြော 
Photo : Crd

မတ်လ ၂၄ ရက် 

ယူကရိန်းက စစ်ပွဲသည် ရုရှနှင့် အနောက်အုပ်စုကြား နျူကလီးယား ထိပ်တိုက်တွေ့မှုဆီ ဦးတည်နေသည်ဟု နေတိုးအဖွဲ့က ရုရှအား ဗုဒ္ဓဟူးနေ့တွင် သတိပေးလိုက်သည်။

“ရုရှအနေနဲ့ အန္တရာယ် များပြီး တာဝန်မဲ့တဲ့ နျူကလီးယား ခြိမ်းခြောက်ပြောဆိုမှုတွေကို ရပ်တန့်သင်တယ်”ဟု နေတိုးအတွင်းရေးမှူးချုပ် ယန်း စတောတန်ဘတ်ချ်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ “ဒါပေမဲ့ ဘယ်လို အချိန်မှာ ဘယ်လို ခြိမ်းခြောက်မှုကမဆို မဟာမိတ်တွေကို ကာကွယ်ခုခုံဖို့ ကျွန်တော်တို့ အသင့်ရှိနေတယ်ဆိုတာကိုတော့ သံသယ မရှိစေချင်ဘူး”ဟု ၎င်းက ပြောသည်။ 

“နျူကလီးယား စစ်ပွဲမှာ ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ဘူးဆိုတာကို ရုရှအနေနဲ့ သိနားလည်ထားသင့်တယ်”ဟု ဘရပ်ဆဲလ်တွင် အနောက်စစ်တပ် မဟာမိတ် ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးအကြို၌ ၎င်းက ပြောသည်။ “နေတိုးဟာ ပဋိပက္ခထဲမှာ ပါဝင် မနေဘူး၊ ယူကရိန်းကို ထောက်ပံ့မှု ပေးနေပေမယ့် ပဋိပက္ခမှာ ပါဝင်နေတာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။ 

“ယူကရိန်းဆီ နေတိုးက တပ်ဖွဲ့ဝင်တွေ မစေလွှတ်ဘူး၊ ယူကရိန်းဆီ ကူညီထောက်ပံ့မှု ပေးဖို့က အရေးကြီးပြီး ကျွန်တော်တို့ လုပ်ဆောင်နေတယ်၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ နေတိုးနဲ့ ရုရှကြား တင်းပြည့်စစ်ပွဲ ဖြစ်လာမယ့် ဒီ ပဋိပက္ခကို တားဆီးရေးဟာလည်း အလွန်ပဲ အရေးကြီးတယ်”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required