“မြို့တော်ခန်းမရှေ့ ကားမှတ်တိုင်မှာ ဘာတွေ ဖြစ်နေလဲ”

“မြို့တော်ခန်းမရှေ့ ကားမှတ်တိုင်မှာ ဘာတွေ ဖြစ်နေလဲ”

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်မျာနေတဲ့ မအေးခိုင်မိုး ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍကို ရောက်လာခဲ့ပါတယ်။ ရေးလိုက်တဲ့ စာအပြင် သူရိုက်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံကို ပူးတွဲ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ စာရေးသူဟာ ကိုယ်ပိုင် လက်မှုလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး သူ့ရဲ့ ကုန်ပစ္စည်းကို တစ်ရက်ခြား ရန်ကုန်မြို့ထဲကို လာရောက် ပို့ပေးရတဲ့အတွက် မော်တော်ယာဉ်လိုင်းတွေကို မကြာခဏ စီးရပါတယ်။ လူတွေ အများကြီး ပြောနေတဲ့ ကားလမ်းပိတ် တာတွေကို မပြောဘဲ ကားမှတ်တိုင်မှာ အကြာကြီး ရပ်လို့ ခရီးသည်တင်နေတဲ့ ကားတွေကြောင့် ခရီး သွားပြည်သူတွေ အခက်အခဲ ဖြစ်ရတာကို ပြောချင်လို့ ရေးလိုက်တဲ့စာလို့ ဆိုပါတယ်။

မြောက်ဥက္ကလာကလာရင် အဆင်ပြေပေမယ့် အဆင်မပြေတာက အပြန်မှာပါ။ အပြန်ဆိုရင် မြို့တော်ခန်းမရှေ့မှာ စီးရပါတယ်။ ဒီနေရာက နေရာကျယ်ပြီး ကားပေါင်းစုံ ရပ်နိုင်ပေမယ့် မှတ်တိုင်မှာ ရပ်စောင့်နေတဲ့ ကားတွေကြောင့် ခရီးသည်တွေမှာ စီးမယ့်ကား ရပ်မယ့်နေရာကို အပြေးအလွှား ရှာဖွေပြီး စီးရတာ အန္တရာယ် များလှပါတယ်။ အထူးသဖြင့် အဆိုးဆုံးက သန်လျင်လိုင်းကားတွေဟာ မြို့တော်ခန်းမရှေ့ မှတ်တိုင်ရောက်ရင် ခရီးသည် မပြည့်မချင်း အကြာကြီး မထွက်ဘဲ တန်းစီရပ်နေကြ တဲ့အတွက် ဆူးလေကိုပတ်ပြီး ကမ္ဘာအေးစေတီလမ်းဘက် သွားမယ့် ကားတွေနဲ့ မဟာဗန္ဓုလလမ်း အတွင်း သွားမယ့် ကားတွေက အရှိန်နဲ့ မောင်းလာပြီး ကွေ့တဲ့အခါမှာ အဆင်မပြေ ဖြစ်ကြရပါတယ်။ ရပ်ထားတဲ့ ကားတွေကြောင့် စီးမယ့်ကားက ကျော်ရပ်ရင်ရပ် မရပ်ရင်လည်း မရောက်ခင်ရပ်လို့ ခရီး သည်တွေမှာ တောင်မြောက် ပြေးလွှား စီးကြရတာကို တာဝန်ရှိသူတွေ လာရောက် ကြည့်ရှု စစ်ဆေး စေချင်ပါတယ်။ ယုဇနသွားတဲ့ လိုင်းကားတွေလည်း ဒီလိုပဲလို့ ဆိုပါတယ်။ ဒါကြောင့် မြို့တော်ခန်းမ ရှေ့မှာ ရပ်တဲ့ လိုင်းကားတွေကို ကြီးကြပ်ပေးစေချင်ပါတယ်လို့ ပြောပါတယ်။

နောက်တစ်နေရာ အဆင်မပြေတာက စက်မှု ၁ လမ်းနဲ့ ရန်ရှင်း လမ်းဆုံမှာပါ။ ကုက္ကိုင်းမှာ ခုံးကျော်တံတား ဆောက်နေလို့ ကမ္ဘာအေးဘုရားလမ်းအတိုင်း လာတဲ့ကားတွေဟာ စက်မှု ၁ လမ်းက ဝင်ပြီး ဆရာစံလမ်းကို ပတ်ပြီး ကမ္ဘာအေးလမ်းဘက်ကို ပြန်ထွက်ရပါတယ်။ ဆီဒိုးနားရှေ့မှာ ယာဉ်ထိန်းရုံး ရှိပေမယ့် စက်မှု ၁ လမ်းနဲ့ ရန်ရှင်းလမ်းဆုံမှာ မနက်ရုံးတက်ချိန်နဲ့ ညနေရုံးဆင်းချိန် ဆိုရင် မီးပွိုင့်မရှိ ယာဉ်ထိန်းမရှိလို့ ကားတွေ အလုအယက် မောင်းကြပြီး တစ်ကားနဲ့ တစ်ကား အနိုင် မခံ အရှုံးမပေး စိတ်ဓာတ်ကြောင့် ဘယ်ကားမှ မောင်းလို့မရဘဲ ပိတ်ဆို့နေလို့ ခရီးသည်တွေမှာ အချိန် မကြာင်သင့်ပဲ ကြာတြ့အတွက် မီးပွိုင့်နဲ့ ယာဉ်ထိန်းတစ်ခုခုဆို အဆင်ပြေမယ်ဆိုတဲ့အကြောင်းကို အကြံပေးလိုတာကြောင့် ရေးလိုက်ပါတယ်ဆိုတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly