ပုသိမ်မြို့ အခြေစိုက် မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်းကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချမှတ်

ပုသိမ်မြို့ အခြေစိုက် မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်းကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချမှတ်

မတ်လ ၂၃ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်းကို စစ်ကောင်စီလက်အောက်ခံ ထောင်တွင်းတရားရုံးက မတ်လ ၂၃ ရက် မနက်ပိုင်းတွင် ထောင်ဒဏ် နှစ်နှစ်ချမှတ်လိုက်ကြောင်း ပုသိမ်အကျဥ်းထောင် ဝန်ထမ်းတစ်ဦးထံက သိရသည်။

ကိုရဲရင့်ထွန်းသည် ပုဒ်မ ၅၀၅(က)၊၅၀၅(ခ) အမှုနှစ်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး သက်သေအထောက်အထားခိုင်လုံခြင်းမရှိဘဲ ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

"ကိုရဲရင့်ထွန်းရဲ့အမှုကို စစ်တဲ့အချိန်မှာ တရားလိုဘက်က သက်သေက ဘာမှခိုင်ခိုင်မာမာမထွက်ဆိုနိုင်ဘူး ။ ကိုရဲရင့်ထွန်းရဲ့ဖုန်းကို စစ်ဆေးပြီးတဲ့အချိန်မှာလည်း တရားလိုဘက်က သက်သေက ဖုန်းထဲမှာဘာမှ မရှိဘူးလို့ထွက်ဆိုထားတယ်။ အဲ့ဒီဖုန်းကို CIDကို ပို့ပြီးတော့ စစ်သေးတယ်။ CID ကအကြောင်းပြန်စာထဲမှာ

လည်း သူ့ဖုန်းထဲမှာ အမှုနဲ့ပတ်သက်ပြီး အရေးယူနိုင်တဲ့အချက်မရှိဘူးလို့ အကြောင်းပြန်ထားတာကို ထောင်နှစ်နှစ်ချလိုက်တာပါ။  ချုပ်ရက်နဲ့ လျှော့ရက်တွေတော့ ခံစားခွင့်ရှိတယ်လို့ သိရတယ်"ဟုရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ကိုရဲရင့်ထွန်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန္ဒပြပွဲအား စစ်ကောင်စီတပ်များနှင့် ရဲများက အကြမ်းဖက်ဖြိုခွဲနေသည့်ဖြစ်စဥ်ကို သတင်းဓာတ်ပုံရိုက်ကူးနေစဥ် ပုသိမ်မြို့ ကျောက်ငူရပ်ကွက်၌ ဖေဖော်ဝါ ရီလ ၂၈ရက်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်အကျဉ်း ထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်ခန့်ရှိသည်ဟုသိရပြီး ကိုရဲရင့်ထွန်း အပါအဝင်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့သူ  ၆၇ ဦးရှိကြောင်း ပုသိမ်အကျဉ်းထောင် ဝန်ထမ်း၏ အဆိုအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required