စစ်တွေမြို့ ကျူးကျော်များကို ပုဏ္ဏားကျွန်းမြို့နယ်သို့ ပြောင်းရွှေ့မည်

စစ်တွေမြို့ ကျူးကျော်များကို ပုဏ္ဏားကျွန်းမြို့နယ်သို့ ပြောင်းရွှေ့မည်

မတ် ၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဓညဝတီရပ်ကွက် အာဂျိတ်တော်ကုန်း (သာယာကုန်း) သင်္ချိုင်းမြေမှ နေအိမ်ဖယ်ရှား ခံထားရသည့် ကျူးကျော်များကို ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်ကျေးရွာ အနီးသို့ မတ်လ ၂၄ ရက် နေ့တွင် စတင် ပြောင်းရွှေ့ သွားမည် ဖြစ်ကြောင်း သာယာကုန်း ကျူးကျော် တာဝန်ခံက ပြောသည်။

အဆိုပါ နေရာ၌ နေထိုင်နိုင်အောင် ကူညီပေးမည်ဟု ရိုက်တာ ဖောင်ဒေးရှင်း အဖွဲ့က ပြောဆို လာသည့် အတွက် ပြောင်းရွှေ့သွားမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ရိုက်တာ ဖောင်ဒေးရှင်း (Reuter Foundation) သည် အလှူရှင်များ၏ အကူအညီဖြင့် လူသားချင်း ဆိုင်ရာ စာနာမှု အကူအညီများ ပေးနေသည့် ပရဟိတအဖွဲ့အစည်း တစ်ခုလည်း ဖြစ်သည်။

 

“ရိုက်တာ ဖောင်ဒေးရှင်းက ပုဏ္ဏားကျွန်းဘက်မှာ နေလို့ရတယ် ဆိုပြီး ပြောလာတယ် ပေါ့နော်။ ကျွန်တော်တို့ ကတော့ မပြောင်းချင်ပါဘူး။ လုပ်စားစရာ မရှိတာကြောင့် မြို့ကို ပြောင်းလာတာ။ ဒါပေမဲ့ အခုက နယ်ကို ပြန်သွားရမှာ ဆိုတော့ မပြောင်းချင်ပေမယ့် ပြောင်းရမှာပေါ့။ နေစရာမှ မရှိတာ ” ဟု ၎င်းက ပြောသည်။

ကျူးကျော်များသည် လက်ရှိတွင် နေရေးထိုင်ရေး အဆင်မပြေသည့် အတွက် ယင်းနေရာသို့ ပြောင်းရွှေ့ လိုက်ပါသွားမည် ဖြစ်ကြောင်း အိမ်ဖယ်ရှားခံရသူ အမျိုးသမီး တစ်ဦးက ပြောသည်။

“မတ်လ ၂၄ ရက်နေ့ ကျရင် ပုဏ္ဏားကျွန်းမြို့နယ်ကို ပြောင်းရွှေ့ရမယ်လို့ ပြောပါတယ်။ ကျွန်မတို့က မသွားချင်ရင်လည်း နေစရာ နေရာ မရှိတော့ သွားရမှာပေါ့။ တာဝန်ခံ လာပြောတာကတော့ မလိုက်ချင်ရင်လည်း ကျန်ခဲ့လို့ ရတယ်တဲ့ ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အာဂျိတ်တော်ရှိ ကျူးကျော် မိသားစု ၁၀၀ ကျော်က လူဦးရေ ၄၅၀ခန့်ကို ပထမသုတ် အနေဖြင့် စတင် ကူညီ ပေးသွားမည် ဖြစ်ပြီး နောက်ထပ် ထပ်မံ ကူညီသွားမည် ဖြစ်ကြောင်း ရိုက်တာ ဖောင်းဒေးရှင်း တာဝန်ခံ တစ်ဦးက ပြောသည်။

“ ပြောင်းရွှေ့မယ့် နေရာက တန်းစွယ်နဲ့ ၁၅ မိနစ်လောက် သွားရပါတယ်။ လမ်းမ ထက်မှာပါ၊ တန်းစွယ်ရွာ ထက်တောင် နေရာ ကောင်းပါတယ်။ ကျွန်တော်ကတော့ အလှူငွေ တွေနဲ့ နေအိမ်တွေကို ဆောက်သွားမှာ ဖြစ်ပါတယ်။ အခုလည်း ကျွန်တော်တို့ ငွေကြေး အလှူခံနေတာတွေ ရှိပါတယ်။ ကျန်တဲ့ မီးရထားလမ်းက ကျူးကျော်တွေကိုလည်း ကူညီ ပေးသွားဖို့ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

အာဂျိတ်တော် ကုန်းရှိ နေအိမ်အားလုံးကို စစ်ကောင်စီ တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ စည်ပင် စသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အလုပ်သမားများက ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့တွင် ဖယ်ရှား ခဲ့ခြင်း ဖြစ်သည်။

ကျူးကျော်များကို ဖယ်ရှားခြင်းမှာ စစ်တွေမြို့၏ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် ဖယ်ရှားခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြောဆိုထားသည်။

#Mizzima

#စစ်တွေမြို့

#ReuterFoundation

#အာဂျိတ်တော်ကုန်း

#ကျူးကျော်

#ပုဏ္ဏားကျွန်းမြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required