ဖေ့စ်ဘုတ် ချစ်တဲ့ မြန်မာ့တောင်သူ ဦးကြီးများ

ဖေ့စ်ဘုတ် ချစ်တဲ့ မြန်မာ့တောင်သူ ဦးကြီးများ

မြန်မာနိုင်ငံတွင် သမိုင်းဝင်ရွေးကောက်ပွဲ မကျင်းပမီ အောက်တိုဘာနှင့် နိုဝင်ဘာလ အတွင်း သီတင်း ခြောက်ပတ်ကြာ ကျေးလက်တောနယ်များသို့ စမတ်ဖုန်းများ အကြောင်း လေ့လာ ကွင်းဆင်းသည့် သုတေသီ ပညာရှင်အဖွဲ့နှင့်အတူ ကျွန်တော် လိုက်ပါခဲ့သည်။

ယင်းပညာရှင်အဖွဲ့က လူမှုဘဝယဉ်ကျေးမှုနှင့် နည်းပညာတို့၏ အပြန်အလှန် ကူးလူး သက်ရောက်မှုများကို လေ့လာသည့် အဖွဲ့ဖြစ်သည်။ နည်းပညာအား မည်သို့ လက်ခံရမည်ဆိုခြင်းအပေါ်မူတည်ကာ အကျိုးပြုသည့် ယူဆချက်များ ထုတ်နိုင်ရန် ဖြစ်သည်။ ထိုယူဆချက်များဖြင့် အမှန်အသုံးပြုရန် လိုအပ်သည့် ကိရိယာများကို လက်တွေ့ သိရှိထုတ်လုပ်နိုင်ရေးအတွက်ဖြစ်သည်။

စစ်အုပ်ချုပ်ရေးကြောင့် စမတ်ဖုန်းနှင့် ဆင်းကတ်များ ကိုင်ဆောင်ခွင့်ကို အများ မသုံးနိုင်အောင် လက်လှမ်းမမှီ ဖြစ်စေခဲ့သည့်  မြန်မာနိုင်ငံတွင် စမတ်သုံးစွဲမှုက အထူး တွင်ကျယ်လျက်ရှိသည်။ တွေ့ဆုံစကားပြောဖြစ်တဲ့ လယ်သမားကြီးတိုင်းက အရင်က စမတ်ဖုန်း မကိုင်ဆောင်ခဲ့ဖူးကြသူများပဲ ဖြစ်နေကြသည်။ ရေနှင့် လျှပ်စစ်မီး မရသည့် ကျေးရွာများမှာပင် တာဝါတိုင်များ ထိုးထိုးထောင်ထောင် တည်ဆောက်ထားပြီး 3G ကွန်ရက်ဖြင့် ဖြန့်ကြက်ထားသည်။ လွှင့်ထားသည့် လိုင်းကွန်ရက်များကလည်း အသစ်စက်စက်များပဲ ဖြစ်ကြသည်။

ကျွန်တော်တို့ အဖွဲ့ ကွင်းဆင်းမေးမြန်းသမျှ လယ်သမားများကြီးများ အားလုံး နီးပါးက ဖေ့ဘုတ်သုံးသူများ ဖြစ်နေသည်။ တွစ်တာဆိုသည်ကို ကြားဖူးသူ တစ်ယောက်မျှ မရှိကြ။ သူတို့ ဖေ့ဘုတ်အသုံးပြုခြင်းသည် အနောက်က သုံးစွဲကြသူ အများစုနှင့် မည်သို့ မည်ပုံ ကွာခြားသနည်း။ သတင်းရင်းမြစ်များ သိရန်၊ စိတ်ဝင်စားမှုများကို ရှာဖွေလိုက်လံနေရန် သုံးခြင်းများကဲ့သို့ အသုံးပြုပုံ ခြားနားပါသလား။ သို့သော် အများစု သုံးစွဲသူများက လူမှုစြင်္ကကြီးတစ်ခုအဖြစ် မရှုမြင်ကြပါ။ သီးခြား လူစုချိတ်ဆက်မှုနှင့် ယင်းတို့၏ ကျေးလက်နယ်မြေအတွင်း ချိတ်ဆက်မှုအတွက်သာ အသုံးပြုမှုများ ဖြစ်နေပါသည်။

ကျွန်တော်တို့ တွေ့ဆုံမေးမြန်းမှုများမှ ကောက်နုတ်ချက်များ ခွဲထုတ်နိုင်ခဲ့သည်။ မြန်မာ့ တောင်သူလယ်သမားများကြီးများ၏ နည်းပညာသုံးစွဲမှုနှင့် ဖေ့ဘုတ်သုံးသူအဖြစ် ရောက်လာပုံနှင့် ပတ်သက်ပြီး မေးမြန်းသည့် ကျွန်တော်တို့ အဖွဲ့မှာ ဘာသာပြန်တစ်ဦး၊ ဓာတ်ပုံဆရာ၊ မှတ်ချက်ရေးသူနှင့် ဂိုက်လိုင်းပေးသူ တို့ဖြင့် သုံးယောက်မှ လေးယောက် ပါတတ်ပါသည်။

ဥက္ကံက လယ်သမားကြီး

ဥက္ကံမြို့က အသက် လေးဆယ်ဝန်းကျင်ရှိသည့် လယ်သမားတစ်ဦးမှာ ကျွန်တော်တို့ အဖွဲ့၏ ပထမဆုံး မေးမြန်းမှု ပြုလုပ်ခံရသူပဲဖြစ်သည်။ လယ်ဧက ၁၅ ဧကခန့် ပိုင်ထားသည့် သူ့ကိုယ်ပိုင် လယ်ကွက်အလယ်မှ လယ်စောင့်တဲ တစ်တဲတွင် ပူပြင်းသည့် နေရောင်အောက်မှ သွားရောက်တွေ့ဆုံခြင်းဖြစ်သည်။

ရန်ကုန်အနောက်မြောက်ပိုင်းတွင် ရှိသည့် ဥက္ကံမြို့ကို ကားဖြင့် သွားရသည်မှာ လမ်းဆိုးသဖြင့် သုံးနာရီမှ ခြောက်နာရီ ကြာသွားရသည်။ စားသောက်ဆိုင်၊ ဈေးဆိုင်၊ ဈေးလေးတစ်ဈေးနှင့် ဟိုတယ်ငယ်တစ်လုံး ရှိထားသည့် ကျေးလက်မြို့ ဖြစ်သည်။ မျှော်ကြည့်လေရာက လယ်ကွင်းများဖြင့် ပြည့်နေသည်။ ကျွန်တော်တို့ သွားရောက်မေးမြန်းသူမှာ မြို့စွန်က ရွာတစ်ရွာတွင်ဖြစ်ပါသည်။

လယ်သမားကြီးက သူ၏ တူများနှင့်အတူ ဆိုင်ကယ်ဖြင့် ရောက်လာခဲ့သည်။ ပြုံးရွှင် ချိုမြစွာ နှုတ်ဆက်ပြီးနောက် သူတို့က ရေဗူးကမ်းလှမ်းပါသည်။ အင်တာဗျူးရာကို ကောင်းကောင်းမွန်မွန်ဖြင့် ကူညီခြင်းပင်ဖြစ်သည်ဟု တွေးလိုက်မိသည်။

အားလုံးတွင် ဖုန်းကိုယ်စီ ပါကြသည်။ ဆမ်ဆောင်းတစ်လုံးကို တွေ့ရပြီး ကျန်ဖုန်း တစ်လုံးက မည်သည့်ဖုန်းမှန်းမသိသည့် Honor ဆိုသည့် ဖုန်းဖြစ်ပြီး ဟွာဝေးဖုန်း နှစ်လုံးလည်း ကိုင်ဆောင်ပါရှိသည်။ (Honor မှာ ဟွာဝေးကပင် ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်ကြောင်း နောက်ပိုင်းမှ သိရသည်။) Apple ကတော့ မြန်မာ့ လယ်ကွင်းများသို့ လုံးလုံးမလာသည့် ဖုန်းများပဲဖြစ်ပြီး တရုတ်ဖုန်းများဖြင့် မြန်မာ့လယ်ကွင်းများက ကြီးစိုးခံထားရတော့သည်။ ကောင်းမွန်သည့် တံဆိပ်ဖြစ်သော်လည်း ဆမ်ဆောင်းက နောက်ကလိုက်နေရသည်။ သို့သော်လည်း နောက်ပိုင်းတွင် ဆမ်ဆောင်းက ထိပ်ရောက်လာနိုင်သည်ဟု သုံးသပ်မိပါသည်။ တရုတ် ဖုန်းများက ဈေးပေါသော်လည်း အသုံးခံပါသည်။

မြန်မာ့အိပ်မက်ဖြစ်သည့် ကလေးတစ်ဦးလျှင် လက်တော့ပ်တစ်လုံးစီ ပိုင်ဆိုင်ရမည် ဆိုသည်က ဘယ်လိုမှ မဖြစ်နိုင်သော်လည်း လူတစ်ဦး ဖုန်းတစ်လုံးက ပိုပြီး အလုပ် ဖြစ်နေတော့သည်။ ကျွန်တော်တို့ အင်တာဗျူးစသည်။ ဓာတ်ပုံများ ရိုက်ယူသည်။ သူတို့ကို ဖုန်းကိုယ်စီဖြင့် ဓာတ်ပုံအရိုက်ခံသည်။ သူတို့က ဂုဏ်ယူနေပုံ ရှိနေတော့သည်။ အမေရိကန်ဒေါ်လာ တစ်ရာအောက် ဖုန်းကိုယ်စီဖြင့် ဓာတ်ပုံ အရိုက်ခံကြပါသည်။

ကျွန်တော်တို့ အချက်အလက်များ ရဖို့ မေးမြန်းပါသည်။ တစ်နှစ်လောက်က ခုထက် ဖုန်းများကို ဈေးကြီးပေးဝယ်ရသည်ဟု သူတို့က ပြောကြသည်။ အကြိုငွေဖြည့် စနစ်ဖြင့် သုံးနေကြရခြင်းဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ဆီမှ Credit Card မရှိကြပါ။ Top-up ကိုသာ ဝယ်ယူသုံးစွဲနေကြခြင်းပဲဖြစ်ပြီး 25MB ကို အမေရိကန် ဆင့် ၁၀ ဆင့်နီးပါးလောက် ပေး၍ ဝယ်ယူသုံးစွဲနေကြခြင်းဖြစ်သည်။

မြန်မာငွေ များများပေး၍ 2GB ကတ်များ ဝယ်ယူသုံးစွဲခြင်းက မရှိသလောက်ပဲ ဖြစ်သည်။ အများစု လယ်သမားများက တစ်ထောင်တန် သို့မဟုတ် သုံးထောင်တန်၊ ငါးထောင်တန်များသာ ငွေဖြည့်ကတ် ဝယ်ယူကြခြင်းဖြစ်သည်။ ဒီငွေဖြည့်ကတ် များက ဘယ်လောက်အသုံးခံပါ့မလဲ။ တစ်ချို့က သုံးထောင်တန် တစ်ကတ်ကို တစ်လလုံး သုံးကြသည်။ အခြားသူများက ရက်အနည်းငယ်အတွင်း ငွေဖြည့်ကတ် အကုန်သုံးမိကြသည်။

အက်ပရီကေးရှင်းများ အကြောင်းလည်း စူးစမ်းဖြစ်သည်။ ပါလာသူ တူတစ်ဦးက ဗိုက်ဘာ သုံးကြောင်း၊ သူငယ်ချင်းနှင့် အခြားနေရာမှ မိသားစုများနှင့် ဗိုက်ဘာဖြင့် ဆက်သွယ်ကြောင်း ပြောသည်။ သို့သော် လူချင်းတွေ့နိုင်ရင်တော့ စကားဖြင့်ပဲ ပြောကြောင်းဆိုသည်။ ဖုန်းခေါ်ဖို့ အဓိက သုံးကြောင်း ပြောပြီး စာပို့ခြင်းထက် ပိုမြန် ပိုလွယ်၍ ဖြစ်သည်ဟု ဖြေသည်။

ဖေ့ဘုတ်အကြောင်း မေးမြန်းလိုက်ရာ ဖေ့ဘုတ်လား၊ နေ့တိုင်းသုံးတာပေါ့ဟု အားလုံးက ဖြေကြတော့သည်။ ငွေဖြည့်ကတ်များက ဖေ့ဘုတ်သုံးခြင်းကြောင့် ကုန်နေရခြင်း ဖြစ်ကြောင်း ပြောကြသည်။ တူတစ်ယောက်က ဖေ့ဘုတ်ပို့စ်တစ်ခုကို ပြမည်ဟုဆိုလာသည်။ အတော်လည်း တက်တက်ကြွကြွနှင့် ပြောခြင်းပင်။ အားလုံးစိတ်ဝင်စားမှာပါဟုလည်း ဆိုသည်။ ကျွန်တော်တို့အတွက် အံ့သြရသည်။ ဘာများပြမလဲ။ စိုက်ပျိုးနည်းစနစ်သစ်လား။ ရွေးကောက်ပွဲအကြောင်းလား။ လယ်သမားများအပေါ် သက်ရောက်မှုရှိမည့် အကဲဖြတ်ချက်များ အကြောင်းလား။ သူက ပြလာပါသည်။ ခြေငါးချောင်း ပါရှိသည့် နွားလေးတစ်ကောင်ပုံ ကိုဖြစ်သည်။ ရယ်လျက် အံ့သြစရာ မကောင်းဘူးလား။ ဒါမျိုး အရင်က တွေ့ဖူးသလားလို့ပင် မေးလိုက်ပါသည်။

ကျွန်တော်ပါဝင်သည့် အဖွဲ့သည် Studio D Radiodurans (အတိုကောက် Studio D) က တာဝန်ခိုင်းထားသည့် အဖွဲ့ဖြစ်သည်။ Studio D သည် သုတေသန၊ ဒီဇိုင်းနှင့် မဟာဗျူဟာ အကြံပေးခြင်းများကို လုပ်ဆောင်ပြီး ရန်ကုန်တွင် အခြေစိုက် ထားသည့် လူမှုလုပ်ငန်းတစ်ရပ်သည့် Proximity Designs နှင့် လွန်ခဲ့သည့် နှစ်နှစ်က စတင်ကာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ Proximity ၏ လုပ်ငန်း ဦးတည်ချက်သည် စိုက်ပျိုးရေး နည်းပညာများနှင့် လယ်သမားများကို ကူညီပေးနိုင်ရေးက ဦးစားပေးရည်ရွယ်ချက်ဖြစ်သည်။ ၂၀၁၅ ဒီဇင်ဘာအထိ ကျေးလက်တောနယ်ဒေသ အိမ်ထောင်စုပေါင်း ၇၃၁၀၀၀ ကျော်အတွက် စွမ်းဆောင်မှု ပေးနိုင်ခဲ့ပြီး ပြည်သူပေါင်း ၃ ဒသမ ၆၆ သန်းအပေါ် သက်ရောက်မှု ရှိခဲ့သည်။

Proximity သည် တောင်ဒဂုံ စက်မှုဇုန်တွင် လေးထပ်စက်ရုံတည်ထားပြီး စိုက်ပျိုးရေး လုပ်ငန်းအတွက် ဆိုလာပန့်များ ထုတ်လုပ်နေရာ စက်ရုံဖြစ်သည်။ မြေညီထပ်တွင် ပိုက်လုံးများမှ ရေဖျန်းသည့် ဆည်သွယ်ရေမြောင်းစိုက်ပျိုးမှုပုံစံမျိုး ပြုလုပ် ထားသည်။ ပထမထပ်တွင် ခြေနင်းစက်ခုံ ရေလွှတ်ပန့်များဖြင့် အလုပ်သမား များဖြင့် လုပ်ကိုင်ပြီး ဒုတိယထပ်က ထုတ်လုပ်ဒီဇိုင်း ဓာတ်ခွဲခန်းဖြစ်ကာ ဆိုလာပန့်များကို ဒီဇိုင်းထွင်၊ စမ်းသပ်၊ ထုတ်လုပ်လျက်ရှိသည်။ လေးထပ် မြောက်မှာ ရေသိုလှောင်အိတ်များကို အရည်အသွေးစစ်ဆေးသည့် အပိုင်းဖြစ်သည်။

Proximity ၏ ဆိုလာပန့်များကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက စတင် ထုတ်လုပ် ခဲ့ခြင်းဖြစ်သည်။ Stanford d.school မှ ကျောင်းသားများနှင့်အတူ ပူးပေါင်းကာ သုတေသနနှစ်များစွာ ပြုလုပ်လျက် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ တစ်မိနစ်တွင် ရေလီတာ အကြမ်းဖျင်း ငါးဆယ်လီတာ စုပ်ထုတ်လုပ်ပေးနိုင်မည့် ဆိုလာပန့်များဖြစ်ပြီး တစ်စုံကို အမေရိကန်ဒေါ်လာ ၃၅၀ ဖြင့် ရောင်းချ ဈေးနှုန်း ရှိသည်။

ထိုသို့ လယ်သမားများအတွက် အကျိုးရှိမည် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး အတွက် ရည်မှန်းချက်ဖြင့် Proximity နှင့် Studio D တို့က ပူးပေါင်းလက်တွဲကာ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်လာခြင်းဖြစ်ပြီး လယ်သမားများ အသုံးဝင်မည့် ဖုန်အက်ပရီကေးရှင်း ထုတ်လုပ်နိုင်ရေးအတွက် ရည်ရွယ်သည်။

မြန်မာနိုင်ငံသည် တောင်သူလယ်သမားများ စိုက်ပျိုးရေး နိုင်ငံဖြစ်သည်။ ငါးဆယ့် သုံးသန်းသော နိုင်ငံသားများတွင် ခန့်မှန်းခြေအားဖြင့် သန်းသုံးဆယ်မှာ လယ်သမားများ ဖြစ်သည်။ လယ်သမားများအများစုက ယနေ့ခေတ်တွင် အွန်လိုင်း ပေါ်သို့ ရောက်လာကြပြီဖြစ်သည်။ အွန်လိုင်းတက်ကာ ရှိနေတတ်ပြီလည်း ဖြစ်သည်။ စစ်အစိုးရလက်အောက် ဆင်းကတ်များက သမိုင်းတစ်ခေတ်ဖြစ်အောင် ဈေးကြီးမြင့်ခဲ့သည်။ ၂၀၁၄ တွင် ဆင်းကတ်တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၀၀၀ ကနေ ဒေါ်လာ ၂၀၀ သို့ ခုန်ဆင်းသွားပြီးနောက် ယခုတွင် ဒေါ်လာ ၁ ဒသမ ၅၀ ဒေါ်လာ ဈေးသာရှိပြီး အလွယ်တကူ ဝယ်ယူနိုင်နေပြီဖြစ်သည်။

ဆက်သွယ်ရေး ကွန်ရက်ကို ထိန်းချုပ်သည့် စစ်အုပ်ချုပ်ရေးမှ မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍသည် အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မကြာသေးမီကအထိ လုံးလုံးလျားလျား ရှိနေခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ယှဉ်ပြိုင်မှုများရှိလာပြီး ရွေးချယ်စရာလည်း ရှိလာသည်။ ပြီးခဲ့သည့် ငါးနှစ်က ရွေးချယ်စရာ MPT တစ်ခုတည်းသာ ရှိခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် တောင်သူလယ်သမားများအနေဖြင့် MPT သို့ Oredoo သို့ Telenor တို့မှ ကြိုက်ရာ တစ်ခုကို ရွေးချယ်နိုင်ပြီဖြစ်သည်။ ဆက်သွယ်ရေး တာဝါတိုင်များလည်း အညောင့်ထွက်သလို တပြန့်တပြော ပေါ်ပေါက်လာခဲ့ပြီဖြစ်ရာ လယ်သမားကြီးများ အတွက် လူမှုယဉ်ကျေးမှုတွင် နည်းပညာအသုံးတည့်မှုက မည်သို့ ပေါ်ပေါက် လာသင့်သနည်းဆိုသည်ကို ကျွန်တော်တို့က ကွင်းဆင်းမှတ်သားရခြင်းပဲ ဖြစ်ပါတော့သည်။ 

ဒုတိယပိုင်းကို ဤနေရာတွင် ဖတ်နိုင်ပါသည် - http://mizzimaburmese.com/article/10355

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags