ထိုင်ဝမ်နည်းပညာအသုံးချ ထုတ်လုပ်သူများအတွက် အိန္ဒိယတွင် လာရောက်လုပ်ကိုင်မည့် အလားအလာကောင်းများရှိနေ

ထိုင်ဝမ်နည်းပညာအသုံးချ ထုတ်လုပ်သူများအတွက် အိန္ဒိယတွင် လာရောက်လုပ်ကိုင်မည့် အလားအလာကောင်းများရှိနေ

ထိုင်ဝမ်၏ ကျွမ်းကျင်လုပ်သားလိုအပ်ချက်များစွာ ရှိနေခြင်းနှင့် ဆက်ဆံရေး ခိုင်မာအားကောင်းခြင်းတို့ကြောင့် အိန္ဒိယသည် ထိုင်ဝမ်မှ နည်းပညာအသုံးချ ထုတ်လုပ်သူများအတွက် နေရာကောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း Commonwealth Magazine က မတ် ၁၅ ရက်က ဖော်ပြခဲ့သည်။

အိန္ဒိယနှင့် ထိုင်ဝမ်တို့သည် အပြန်အလှန်ဆက်ဆံရေးကို ၂၁ ရာစုအစောပိုင်းမှစ၍ တိုးမြှင့် လုပ်ဆောင်ခဲ့သည်။ ထိုင်ဝမ်၏ ‘တောင်သို့ ဦးတည်သည့် မူဝါဒသစ်’နှင့် အိန္ဒိယ၏ ‘အရှေ့မျှော်’ အစီအစဉ်များသည် အပြန်အလှန်ဆက်ဆံမှု အားကောင်းစေရေးကို တွန်းအားပေးရန်နှင့် ခိုင်မာစေရန် လမ်းပြကြယ်များအဖြစ် ရှိနေခဲ့ကြောင်း အဆိုပါ မဂ္ဂဇင်းက ရေးသားထားသည်။

အိန္ဒိယ၏ ထုတ်လုပ်မှုဆိုင်ရာ အားပေးတိုက်တွန်းခြင်း (PLI) အစီအစဉ်သည် ကဏ္ဍအမျိုးမျိုး အထူးသဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သူများကို စွဲဆောင်မှု ဖြစ်စေသည်။

ထိုင်ဝမ်မှ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သူများ အိန္ဒိယနှင့် လက်တွဲဆောင်ရွက်ရန် ထိုင်ဝမ်လုပ်ငန်းရှင်များကို ပိုမိုတိုက်တွန်းလာသလို အိန္ဒိယ၏ ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသူများအပေါ် ကူညီဆောင်ရွက်ပေး မှုများသည် ထိုင်ဝမ်အတွက် စိတ်ဝင်စားစရာ ကောင်းနေသည်။

အိန္ဒိယအစိုးရက မကြာသေးမီက PLI အစီအစဉ်အတွက် ရူပီးငွေ ၇၆၀ ဘီလျံသုံးစွဲရန် ထုတ်ပြန်ထားရာတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း ဒီဇိုင်းရေးဆွဲရေး၊ ထုတ်လုပ်ရေးနှင့် ပေါင်းစပ်မျက်နှာပြင် ထုတ်လုပ်မှုများအတွက် ရည်ရွယ်ထားသည်။

ထိုင်ဝမ်၏ အကြီးစား ကုမ္ပဏီကြီးများဖြစ်သော Foxconn နှင့် Wistron တို့သည် PLI အစီအစဉ်ကို ၂၀၂၁ ခုနှစ်ကပင် ချိတ်ဆက်ခဲ့ပြီး နောက်ထပ် ထိုင်ဝမ်ကုမ္ပဏီများကလည်း PLI ၏ အကျိုးခံစားခွင့်များကို ရရှိလာနိုင်ကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာခြင်းကြောင့် အိန္ဒိယနှင့် ထိုင်ဝမ်တို့သည် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ကို ရေးထိုးခြင်းဖြင့် ဂေဟဗေဒစနစ်ကို ထိန်းသိမ်းနိုင်အောင် လုပ်ဆောင်လျက်ရှိသည်။

အမြင့်ဆုံး အခွန်အကောက်များ ဖယ်ရှားခြင်း၊ ကုန်သွယ်မှုအတားအဆီးများ၊ ခွဲတမ်းများနှင့် နှစ်ဘက်စလုံး၏ လုပ်ကိုင်ခွင့်များတွင် ပံ့ပိုးမှုပေးခြင်းတို့ဖြင့် FTA သည် ကုန်သွယ်ရေးနှင့် ထုတ်လုပ်ရေးတို့တွင် အတိုင်းအတာတစ်ခုအထိ လွတ်လပ်ခွင့်ရှိစေနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယက ထိုင်ဝမ်နှင့် ဆက်ဆံရေးကို ပွင့်လင်းစွာ အသိအမှတ်ပြုရန် ခြေလှမ်းသစ်များ မကြာသေးမီက စတင်လုပ်ဆောင်လာသလို နယူးဒေလီရှိ တိုင်ပေမှ လာရောက်ဖွင့်လှစ်ထားသည့် သံရုံးကလည်း နေရာပိုမို ယူလာနိုင်သည်။

အိန္ဒိယနိုင်ငံတော်ဘဏ်က အတိုးနှုန်း ၂ ဒသမ ၄၉ ရာခိုင်နှုန်းရသည့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖိုးရှိ Formosa ငွေတိုက်စာချုပ်များကို ထိုင်ဝမ်ဈေးကွက်မှတစ်ဆင့် ယခုနှစ် ဇန်နဝါရီအစောပိုင်းက ဝယ်ယူခဲ့သည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းက နိုင်ငံပေါင်းစုံ အေဂျင်စီများ၊ ပိုင်ဆိုင်မှုအရပ်ရပ်ဆိုင်ရာ ကို်ငတွယ်ဆောင်ရွက်ရသည် မန်နေဂျာများ၊ ပုဂ္ဂလိက ဘဏ်များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများကဲ့သို့ ရင်းနှီးမြှု်ပနှံသူများကို စွဲဆောင်နိုင်စေခဲ့ကြောင်း Taipei Times သတင်းဌာနက ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly