ပါကစ္စတန်ထိန်းချုပ်သော ကက်ရှ်မီးယား၌ အကြမ်းဖက်စခန်းများ ဖျက်သိမ်းရေး တက်ကြွလှုပ်ရှားသူများ ဆန္ဒပြတောင်းဆို

By Zee 5
23 March 2022
ပါကစ္စတန်ထိန်းချုပ်သော ကက်ရှ်မီးယား၌ အကြမ်းဖက်စခန်းများ ဖျက်သိမ်းရေး တက်ကြွလှုပ်ရှားသူများ ဆန္ဒပြတောင်းဆို

ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယားဒေသ (PoK) မှ နိုင်ငံရေးနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ သည် ပြီးခဲ့သည့် မတ်လ ၁၆ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာရှိ ကုလသမဂ္ဂရုံး အရှေ့ဘက်၌ ဆန္ဒပြပွဲတစ်ခုကို လုပ်ဆောင်ခဲ့ကြပြီး PoK ဒေသရှိ အကြမ်းဖက် ကမ့်စခန်းများ ဖြိုဖျက်ရေး တောင်းဆိုခဲ့ကြောင်း သိရသည်။

ထိုဆန္ဒပြပွဲကို ညီညွတ်သော ကက်ရှ်မီးယား ပြည်သူ့ အမျိုးသားပါတီ (UKPNP) က ကုလ လူ့အခွင့်အရေး ကောင်စီ ၄၉ ကြိမ်မြောက် အစည်းအဝေးအတွင်း စီစဉ်ခဲ့ခြင်း ဖြစ်သည်။

သိမ်းပိုက်ထိန်းချုပ်ထားရသည့် ဒေသကို ပြန်လည်စွန့်လွှတ်ရေးနှင့် ယင်းဒေသရှိ အကြမ်းဖက်စခန်းအားလုံး ဖြိုဖျက်ရေးတို့ကို ကြွေးကြော်သံများဖြင့် UKPNP ၏ ပြည်ပရောက် ဥက္ကဋ္ဌ ဆာဒါ ရှောကတ် အလီ ကက်ရှ်မီရီက တောင်းဆိုခဲ့သည်။

“ပါကစ္စတန် ထိန်းချုပ်တဲ့ ကက်ရှ်မီးယားနဲ့ ဂီဂစ် ဘော်လ်တစ္စတန်တို့က ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ အာရုံစိုက်မှု ရအောင် ကုလရုံးရှေ့မှာ ကျွန်တော်တို့

ဆန္ဒပြပွဲတစ်ခု စီစဉ်ခဲ့တာဖြစ်ပါတယ်” ဟု UKPNP ၏ ပြောရေးဆိုခွင့်ရှိသူ နက်ဆီအာ အေဇစ် ခန်က ပြောခဲ့သည်။

“ကျွန်တော်တို့ဟာ အဖိနှိပ်ခံပြည်သူတွေပါ။ ပါကစ္စတန်ဟာ တရားမဝင် သိမ်းပိုက်ထားခဲ့တဲ့ PoK ကနေ ပြန်လည်ရုပ်သိမ်းထွက်ခွာမယ်ဆိုပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို ကတိတွေ ပေးထားပါတယ်။ ဒါပေမယ့် ကက်ရှ်မီးယားနဲ့ပတ်သက်လို့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို သူတို့ လိုက်နာခြင်းမရှိပါဘူး။ ကျွန်တော်တို့ဟာ ၁၉၄၇ ခုနှစ်ကတည်းက အတင်းအကျပ် ပိုင်းခြားခံခဲ့ရတာ ဖြစ်ပါတယ်။ ပြန်ပေးဆွဲမှုတွေ၊ ဥပဒေကို ကျော်လွန်သတ်ဖြတ်မှုတွေနဲ့ ကျွန်ုပ်တို့ရဲ့ဧရိယာအတွင်းက သဘာဝ သယံဇာတတွေကို အမြတ်ထုတ်အသုံးချမှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းရဲ့ အာရုံစိုက်မှုရအောင် ကျွန်တော်တို့ ဒီမှာ ခုလိုမျိုး ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

PoK ဒေသတွင် ထူထောင်ထားသည့် အကြမ်းဖက်စခန်းများနှင့် အခြေခံအဆောက်အအုံများကို ဖျက်သိမ်းပစ်ရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြရာ ယင်းသည် အကြမ်းဖက်မှုအပေါ် ပါကစ္စတန်ဘက်က ထောက်ခံအားပေး ပံ့ပိုးနေသည် ဆိုပြီး ဆန္ဒပြသူများက သိသာထင်ရှားစွာ စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်ဟု ရှုမြင်ရနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly