အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုအတွက် ပါကစ္စတန်ဘဏ်များ နိုင်ငံတကာ၏ စစ်ဆေးမှုနှင့် ရင်ဆိုင်နေရ

အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုအတွက် ပါကစ္စတန်ဘဏ်များ နိုင်ငံတကာ၏ စစ်ဆေးမှုနှင့် ရင်ဆိုင်နေရ

ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုအတွက် ပါကစ္စတန်ဘဏ်တစ်ခုဖြစ်သည့် ပါကစ္စတန်အမျိုးသားဘဏ် (NBP) ကို အမေရိကန်ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့နှစ်ခုက ဒေါ်လာသန်း ၅၀ ကျော် ဒဏ်ရိုက်ခဲ့သည်။

ယင်းသည် အကြမ်းဖက်အဖွဲ့များ၏ ဘဏ္ဍာငွေများ ရွှေ့ပြောင်းမှုကို ကူညီရန်အလို့ငှာ ဘဏ်လုပ်ငန်းဥပဒေများကို လျော့ရဲအောင် လုပ်ဆောင်ထားသည် ဆိုသည့် စွပ်စွဲချက်များကို ရှောင်တိမ်းရန် ကြိုးပမ်းထားခဲ့သည့် ပါကစ္စတန်အတွက် အဓိက ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ကြောင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြံပေးအဖွဲ့ တစ်ခုဖြစ်သည့် မူဝါဒ သုတေသနအဖွဲ့ (POREG) က ပြောသည်။

အမေရိကန်တွင် နိုင်ငံခြားဘဏ်ခွဲတစ်ခု ဖွင့်လှစ်လုပ်ကိုင်နေသည့် ပါကစ္စတန်အမျိုးသားဘဏ်ကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၂၄ ရက်က အမေရိကန် ဗဟိုဘဏ်ဘုတ်အဖွဲ့က ဒေါ်လာ ၂၀ ဒသမ ၄ သန်း ဒဏ်ကြေး ချမှတ်ခဲ့သည်။

အလားတူ နယူးယော့ခ်ပြည်နယ် ဘဏ္ဍာရေးဝန်ဆောင်မှုဌာနကလည်း ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့သည့် စုံစမ်းစစ်ဆေးမှုများနှင့် စပ်လျဉ်းပြီး အဆိုပါ ပါကစ္စတန်ဘဏ်ကိုပင် ဒေါ်လာ ၃၅ သန်း ဒဏ်ကြေးတစ်ရပ် ချမှတ်ခဲ့သည်။

သိသာမှုတစ်ခုက မတူညီသော အဖွဲ့အစည်းများထံမှ သတိပေးမှုများ ရှိနေသည့်ကြားက နိုင်ငံတကာ စံနှုန်း၊ စည်းမျဉ်းများအပေါ် ပါကစ္စတန်၏ ဆက်လက်ချိုးဖောက်နေမှုအတွက် အမေရိကန် ဗဟိုဘဏ်ဘုတ်အဖွဲ့က ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု POREG အဖွဲ့က ပြောသည်။

ထို့ပြင် ပါကစ္စတန်ဘဏ်အနေဖြင့် မသင်္ကာဖွယ် လုပ်ဆောင်ချက်များ စောင့်ကြည့်အစီရင်ခံမှုဆိုင်ရာ လူအများ လက်ခံနိုင်သော ယန္တရားတစ်ခု ထူထောင်ရမည်ဆိုပြီး ဘုတ်အဖွဲ့က ညွှန်ကြားခဲ့သည်ဟု ယင်းအဖွဲ့က ပြောသည်။

အလားတူ နယူးယော့ခ်ပြည်နယ် ဘဏ္ဍာရေးဝန်ဆောင်မှုဌာနက လုပ်ဆောင်ခဲ့သည့် စုံစမ်းစစ်ဆေးမှုများအရ ပါကစ္စတန်ဘဏ်သည် စည်းမျဉ်းစည်းကမ်းဖြင့် ပြဋ္ဌာန်းထားသော ကြီးကြပ်ထိန်းသိမ်းမှုဆိုင်ရာ သတ်မှတ် ချက်များ အတိုင်း လိုက်နာရန် ပျက်ကွက်ထားသလို ယင်း၏ ငွေလွှဲပြောင်းမှု စောင့်ကြည့်ရေးစနစ်တွင်လည်း ကြီးလေးသည့် ပြဿနာများ ရှိနေခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရသည်။

သို့ရာတွင် ယင်းသည် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေများ ချိုးဖောက်မှုအတွက် ပါကစ္စတန်ဘဏ်များ နိုင်ငံတကာ၏ စေ့စေ့စပ်စပ် စစ်ဆေးမှုကို ရင်ဆိုင်ရသည်မှာ ပထမဆုံးတော့ မဟုတ်ကြောင်း ယခင်ဖြစ်စဉ် ဥပမာများကို ကိုးကားပြီး POREG အဖွဲ့က ပြောသည်။

“၂၀၀၇ ခုနှစ်တုန်းက ပါကစ္စတန်ရဲ့ ဟာဘစ်ဘဏ်ဟာ အယ်လ်ကိုင်ဒါနဲ့ အခြား အကြမ်းဖက်အဖွဲ့တွေအတွက် ဘဏ္ဍာရေးလမ်းကြောင်း ဖွင့်လှစ်လုပ်ကိုင်ပေးနေတယ်ဆိုပြီး လုပ်ကြံသတ်ဖြတ်ခံရတဲ့ အမေရိကန်ဂျာနယ်လစ် ဒန်နီယယ် ပါးလ်ရဲ့ ကျန်ရစ်သူဇနီးသည်က ဘဏ်ကို တရားစွဲခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ပါကစ္စတန်ရဲ့ ဟာဘစ်ဘဏ်ဟာ ယင်းရဲ့ နယူးယော့ခ် ဘဏ်ခွဲကို မဖြစ်မနေ ပိတ်သိမ်းပေးခဲ့ရပါတယ်” ဟု POREG အဖွဲ့က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly