ရုရှအတိုက်အခံခေါင်းဆောင် နာဗယ်လ်နီ ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရ

ရုရှအတိုက်အခံခေါင်းဆောင် နာဗယ်လ်နီ ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရ
Photo - AFP

မတ် ၂၃

ရုရှအစိုးရအပေါ် ဝေဖန်သူ အတိုက်အခံခေါင်းဆောင် နိုင်ငံရေးသမား အလက်ဇီ နာဗယ်လ်နီကို အလွဲသုံးစားလုပ်မှု၊ တရားရုံးကို မထီမဲ့မြင်ပြုမှုတို့ဖြင့် အပြစ်ရှိသည်ဟုဆိုကာ ရုရှတရားရုံးတစ်ခုက ယမန်နေ့က ထောင်ဒဏ် ကိုးနှစ် ချမှတ်လိုက်ကြောင်း အေအက်ဖ်ပီ ဂျာနယ်လစ်တစ်ဦးက ပြောသည်။

အသက် ၄၅ နှစ်ရှိ နာဗယ်လ်နီသည် လုံခြုံရေးတင်းကျပ်သည့် အကျဉ်းထောင်၌ ထောင်ဒဏ် ကိုးနှစ် ကျခံရမည် ဖြစ်သည် ဆိုပြီး မော်စကိုမြို့အပြင်ဘက် နာဗယ်လ်နီကို ထိန်းသိမ်းထားသည့် အကျဉ်းထောင်တွင်း တရားရုံးစစ်ဆေးကြားနာစဉ် တရားသူကြီး မာဂါရီတာ ကိုတိုဗာက ပြောသည်။

ယခု ထောင်ဒဏ် ကိုးနှစ်ပြစ်ဒဏ်ကို နာဗယ်လ်နီ လက်ရှိကျခံနေရသည့် ထောင်ဒဏ် နှစ်နှစ်ခွဲပြစ်ဒဏ်နှင့် တစ်ပေါင်းတည်း ကျခံရမည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

နောက်ထပ် စွဲချက်များအတွက် အပြစ်ရှိသည်ဟု စစ်ဆေးပြီး ယင်းကဲ့သို့ နာဗယ်လ်နီကို ထောင်ဒဏ် ထပ်မံချမှတ်လိုက်သည့် ရုရှတရားရုံး၏ ဆုံးဖြတ်ချက်ကို အမေရိကန်က ပြစ်တင် ရှုတ်ချသွားခဲ့သည်။

ယင်းသည် နာဗယ်လ်နီကို ရေငုံနှုတ်ပိတ်နေစေရန်နှင့် ယူကရိန်းအပေါ် ကျူးကျော်မှုကိစ္စကနေ အာရုံပြောင်းစေရန် ကြိုးပမ်းမှုတစ်ခု ဖြစ်ကြောင်း အမေရိကန်က ဝေဖန်ခဲ့သည်။

တစ်ချိန်တည်းမှာပင် နာဗယ်လ်နီအား ထောင်ဒဏ် ကိုးနှစ် ချမှတ်မှုအပေါ် ဥရောပသမဂ္ဂ (အီးယူ) ကလည်း ပြစ်တင်ရှုတ်ချသွားခဲ့ပြီး ယင်းသည် “နိုင်ငံရေး အရင်းခံသည့်” လုပ်ဆောင်ချက်ဖြစ်ကြောင်း ပြစ်တင်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly