ရန်ကုန်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု အရှိန်မြှင့်တင်ရန်အတွက် ကာကွယ်ရေးအဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်းကာ တပ်မဟာဖွဲ့စည်း

ရန်ကုန်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု အရှိန်မြှင့်တင်ရန်အတွက် ကာကွယ်ရေးအဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်းကာ တပ်မဟာဖွဲ့စည်း

မတ်လ ၂၂ ရက်

ရန်ကုန်တိုင်းအတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု အရှိန်မြှင့်တင်ရန်အတွက် ကာကွယ်ရေးအဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်းကာ တပ်မဟာ တစ်ခုအဖြစ်ဖွဲ့စည်းလိုက်ကြောင်း သုံးခွမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Thongwa Youth Force (TYF))မှ တာဝန်ရှိသူက ပြောသည်။

မြို့နယ်အသီးသီးရှိ အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြောက်ကျားတပ်ဖွဲ့များနှင့် မဟာမိတ်အဖြစ် ပူးပေါင်းကာ စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းတိုက်ခိုက်နိုင်ရန်အတွက် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ယနေ့ မတ်လ ၂၂ ရက် ရက်စွဲဖြင့် ကာကွယ်ရေးအဖွဲ့ ၁၁ ဖွဲ့က ထုတ်ပြန်ထားသည်။

“လက်လှမ်းမီသလောက်နဲ့ ရန်ကုန်တိုင်းအတွက် တပ်မဟာ တစ်ခုအဖြစ်ဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ တိုက်ခိုက်ရေးအရှိန်မြင့်တင်နိုင်ဖို့အတွက်ကို ဒီ ၁၁ ဖွဲ့ ပူးပေါင်းတာပါ။ နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် လမ်းစတစ်ခုကို ရှာတယ်။ ပူးပေါင်းဖွဲ့စည်းတယ်။ တိုက်ခ်ိုက်ရေးကို အရှိန်မြှင့်မယ်” ဟု Thongwa Youth Force (TYF)မှ တာဝန်ရှိသူက ပြောသည်။

မဟာမိတ်အဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်သည့် အဖွဲ့များမှာ Wolf Warriors STF(WWSTF)၊ God’s Hand Forces (GHF)၊ Thongwa Youth Force (TYF)၊ Kyauktan PDF (KPDF)၊ Scorpion Forces Underground (SFU)၊ Bahan’s Guerrilla Force (B-PDF)၊ Secret Underground Force- Kyauktan (SUF-Kyauktan)၊ Burmese Final Revolution Armed Forces (BFRAF)၊ ဒို့ရိုးရာ ညီနောင်ပြောက်ကျားတပ်ဖွဲ့ (DYY)၊  Special Nway Oo (SNO) နှင့် Thaketa’s Urban Guerrilla Force (TUGF) တို့ ဖြစ်သည်။

“အဖွဲ့ရဲ့ သဘောထားတွေအတွက် အစည်းအဝေးတွေ လုပ်ဖို့ရှိတယ်။ ဒီထဲမှာ UG တွေလည်း ပါသလို မြို့နယ်ကိုယ်စားပြုကာကွယ်ရေးအဖွဲ့အစည်းတွေလည်း ပါတယ်။ NUG နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး လုပ်နေတဲ့ အဖွဲ့တွေလည်း ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ရင်းနှီးပြီး ယုံကြည်ရတဲ့ အဖွဲ့တွေ အကုန်ပေါင်းလိုက်တာပါ။ တခြား ကာကွယ်ရေးတပ်ဖွဲ့တွေကိုလည်း လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ရှေ့ဆက်မည့် လုပ်ငန်းများတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လူသူလက်နက် ပေါင်းစည်းပြီး ယခင်ထက် ပိုမိုထိရောက်သော နည်းလမ်းများဖြင့် စစ်အာဏာရှင်နှင့် ၎င်း၏ ဒေါက်တိုင်များကို ဆက်လက်ချေမှုန်းတ်ိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပြည်သူများကို အသိပေးထားသည်။

ရန်ကုန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချနေထိုင်ရာ ရဲစခန်းများ၊ မြို့နယ်ခန်းမများ၊ စစ်ကောင်စီဒေါက်တိုင် အုပ်ချုပ်ရေးမှူးရုံးများ နှင့် သတင်းပေးဒလန်များကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိနေသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြာင့်  စစ်ကောင်စီဘက်တွင် ထိခိုက်ကျဆုံးမှုများ ရှိပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူများလည်း ဖမ်းဆီးခံရမှုများ ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required