ယူကရိန်းတွင် ဓာတုနှင့် ဇီဝလက်နက်များ အသုံးပြုဖို့ ပူတင် စဉ်းစားနေဟု ဘိုင်ဒင် ပြော

ယူကရိန်းတွင် ဓာတုနှင့် ဇီဝလက်နက်များ အသုံးပြုဖို့ ပူတင် စဉ်းစားနေဟု ဘိုင်ဒင် ပြော
Photo - AFP

မတ် ၂၂

ယူကရိန်းတွင် ဓာတုလက်နက်နှင့် ဇီဝလက်နက်များ အသုံးပြုရန် ရုရှဘက်က စဉ်းစားနေသည်မှာ “သိသာထင်ရှား”နေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မတ်လ ၂၁ ရက်တွင် ပြောကြားလိုက်ပြီး အကယ်၍ ရုရှအနေဖြင့် ယင်းလက်နက်များ အသုံးပြုသည့် လမ်းကို ရွေးပါက အနောက်အုပ်စုဘက်မှ “အပြင်းအထန်” တုံ့ပြန်သွားရလိမ့်မည် ဖြစ်ကြောင်း သတိပေးသွားခဲ့သည်။

“သူဟာ ခုချိန်မှာ ရွေးချယ်စရာ နည်းလမ်း အနည်းအကျဉ်းနဲ့အတူ ခက်ခဲတဲ့ အခြေအနေတစ်ခုမှာ ရှိနေတယ်” ဟု ဘိုင်ဒင်က ရုရှသမ္မတ ဗလာဒီမာ ပူတင်ကို ရည်ညွှန်းပြောဆိုသည်။ အမေရိကန်သည် ဥရောပ၌ ဓာတုနှင့် ဇီဝလက်နက်များ ထိန်းသိမ်းထားရှိသည် ဆိုပြီး မကြာသေးခင်က ရုရှက စွပ်စွဲထားခဲ့ကြောင်း ဘိုင်ဒင်က မှတ်ချက်ပြုသည်။

“အဲဒါက တကယ် မမှန်ကန်ပါဘူး။ ကျွန်တော် အာမခံပါတယ်” ဟု ဘိုင်ဒင်က ဝါရှင်တန်၌ အမေရိကန်စီးပွားရေးခေါင်းဆောင်များ တွေ့ဆုံပွဲတစ်ခုတွင် ပြောသည်။

“ယူကရိန်းမှာ ဇီဝနဲ့ ဓာတုလက်နက်တွေ ရှိတယ်ဆိုပြီး သူတို့က ပြောနေပါတယ်။ ဒါဟာ သူ (ပူတင်) ကိုယ်တိုင်ပဲ အဲဒီလက်နက်နှစ်မျိုးစလုံးကို သုံးဖို့ စဉ်းစားနေတယ်ဆိုတဲ့ သိသာထင်ရှားတဲ့ လက္ခဏာတစ်ခုပါပဲ” ဟု ဘိုင်ဒင်က ပြောခဲ့သည်။

ယူကရိန်းသည် အမေရိကန် ပံ့ပိုးသော ဓာတုလက်နက် ပရိုဂရမ်တစ်ခုကို ဖုံးကွယ်ရန် ကြိုးပမ်းနေသည်ဆိုပြီး ရုရှအရာရှိများက စွပ်စွဲခဲ့ပြီးနောက် ယခုလအစောပိုင်းက အမေရိကန်အစိုးရနှင့် အခြားအနောက်နိုင်ငံများ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်များထဲမှ သတိပေးချက်များအတိုင်း ယခု ဘိုင်ဒင်ကလည်း ရုရှကို ထပ်တူသတိပေးသွားခဲ့ခြင်းဖြစ်သည်။

“ခုချိန်မှာ ရုရှဟာ ဒီလိုမျိုး မမှန်ကန်တဲ့ ပြောဆိုချက်တွေကို လုပ်ထားပါတယ်။ ရုရှတို့ဘက်က ယူကရိန်းမှာ ဓာတု ဒါမှမဟုတ် ဇီဝလက်နက်တွေ အသုံးပြုလာနိုင်ခြေရှိတာ ဒါမှမဟုတ် အဲဒါတွေကို သုံးပြီး အခြားတစ်ဘက်ကို အပြစ်ဖို့တဲ့ လုပ်ဆောင်ချက်မျိုး ဖန်တီးလာနိုင်ခြေရှိတဲ့အတွက် ကျွန်မတို့အားလုံးအနေနဲ့ ရုရှကို သတိနဲ့ စောင့်ကြည့်နေသင့်ပါတယ်” ဟု အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ယန်ဆာကီက တွစ်တာတွင် ရေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly