လှိုင်သာယာ ဟန်းမိန် အထည်ချုပ်စက်ရုံ ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွား

By ရိုဇာ
22 March 2022
လှိုင်သာယာ ဟန်းမိန် အထည်ချုပ်စက်ရုံ ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွား

မတ် ၂၂

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ဖန်ချက်ဝန် ဦးရွှေအိုးလမ်းရှိ ဟန်းမိန်အထည်ချုပ်စက်ရုံသည် မတ် ၂၁ရက် ည ၆နာရီ ၂၅မိနစ်ဝန်းကျင်တွင် စက်ရုံအတွင်းရှိ ပါကင်ဌာနဘက်မှစတင်၍ ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါစက်ရုံလုပ်သားများက ပြောသည်။

“အိုတီဆင်းတဲ့အချိန်မှာ ဖြစ်တာပါ။ ပါကင်ဌာနဘက်ကနေ ဝါယာရှော့ဖြစ်ပြီး စလောင်တာ။ လူတွေတော့ အထိအခိုက်မရှိပါဘူး”ဟု ဟန်းမိန်စက်ရုံလုပ်သားတစ်ဦးက ပြောသည်။

ယင်းစက်ရုံတွင် စက်ရုံလုပ်သား ထောင်ဂဏန်းခန့်ရှိပြီး မီးလောင်မှုဖြစ်ပွားချိန်တွင် အလုပ်ဆင်းနေသည့် အလုပ်သမား ရာဂဏန်းခန့်သာရှိသည်ဟု သိရသည်။

လတ်တလောတွင် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးပေ။

အဆိုပါ ဟန်းမိန်အထည်ချုပ်စက်ရုံ မီးလောင်ကျွမ်းမှုကို မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ အဆင့် (၂)အဖြစ်သတ်မှတ်ပြီး အချိန် တစ်နာရီခွဲခန့်အထိ မီးငြိမ်းသတ်ခဲ့ရကြောင်းထုတ်ပြန်ထားသည်။

ထို့အပြင် မတ်လ၂၁ရက် ညနေ ၅နာရီ ၂၅မိနစ်ခန့်ကလည်း လှိုင်သာယာအမှတ်(၆)ရပ်ကွက် ကျန်စစ်သားလမ်းမပေါ်ရှိ မော်ဒန် ကေတီဗီတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မိနစ် ၃၀ ဝန်းကျင်အထိ မီးငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

#Mizzima

#ရန်ကုန်

#လှိုင်သာယာ

#အထည်ချုပ်စက်ရုံ

#မီးလောင်မှုဖြစ်ပွါး

#ရွေလင်ဗန်းစက်မှုဇုန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly