မြစ်ဝကျွန်းပေါ်ဒေသကို မုန်တိုင်းစတင်ဝင်ရောက်နေ ဒေသအချို့ လေပြင်းများတိုက်ခတ်နေပြီး မိုးသည်းထန်စွာရွာ

မြစ်ဝကျွန်းပေါ်ဒေသကို မုန်တိုင်းစတင်ဝင်ရောက်နေ ဒေသအချို့ လေပြင်းများတိုက်ခတ်နေပြီး မိုးသည်းထန်စွာရွာ

မတ် ၂၂

အာစနီ ဆိုက်ကလုန်းမုန်တိုင်းအဆင့်သို့မရောက်ဘဲ အားပြင်းသည့် လေဖိအားနည်းရပ်ဝန်းအဖြစ် ယနေ့ မတ်လ ၂၂ရက်နေ့ မနက် ၅နာရီခန့်က စတင်ကာ မြစ်ဝကျွန်းပေါ်ဒေသကို စတင်ဝင်ရောက်နေပြီး ဒေသအချို့တွင် လေပြင်းများတိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာသွန်းနေကြောင်း သိရသည်။

မုန်တိုင်းဝင်ရောက်မှုအခြေအနေကို ပထမအကြိမ်ကမ်းရိုးတန်းကို ဖြတ်ကျော်စဉ် ပြင်စလူကျွန်းနှင့် အနီးနေရာတချို့တွင် လေပြင်းကျရောက်နိုင်ပြီး တစ်နာရီ မိုင် ၄၀ ခန့်အထိ တိုက်ခတ်နိုင်မည်ဟု ခန့်မှန်းထားသည်။

ထိုမှတစ်ဆင့် မြောက် ၊ အရှေ့မြောက်ဘက်ကို ပင်လယ်ရေပြင်ထဲမှာ ဆက်ရွေ့ပြီးတဲ့နောက် မတ်လ ၂၂ ရက် ညနေ ၆ နာရီခန့်တွင် ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းကို သံတွဲနဲ့ ကျိန်တလီကြားမှ ဒုတိယအကြိမ် ထပ်မံ ဖြတ်ကျော်ဝင်ရောက်ကာ INVEST-91B သည် ကုန်းတွင်းပိုင်းတွင် အားပျော့ပျက်ပြယ်သွားတော့မည်ဟု မိုးလေဝသပညာ လေ့လာနေသူ ဦးဝင်းနိုင်က ခန့်မှန်းထားသည်။

မုန်တိုင်းဝင်ရောက်ရာ လမ်းကြောင်းများအတွင်း ပါဝင်သည့် လပွတ္တာမြို့နယ် ၊ငပုတောမြို့နယ်များတွင် လေပြင်းများတိုက်ခတ်နေပြီး မိုးသည်းထန်စွာ ရွာသွန်းကာ ဒေသခံအများစုမှာ ဆိုက်ကလုန်းရှပ်တာများတွင် တိမ်းရှောင်နေရကြောင်း သိရသည်။

“ပြင်စလူမှာတော့ မြို့ထဲမှာ သိပ်မကျန်တော့ဘူး ရှပ်တာ နှစ်ခုလုံးပေါ်ကို လူတွေရောက်နေပါပြီ လေတွေက အတော်ကို တိုက်နေတယ် မိုးလည်းရွာတယ်။ ရေလည်း နည်းနည်းတက်တယ်၊ အန္တရာယ်မရှိဘူးလို့တော့ ထင်ပါတယ်၊ကုန်းကြီးဘက်မှာတော့ ရေနည်းနည်းတက်ပြီး အိမ်တွေတချို့ မြုပ်တယ်လို့ ကြားတယ် အဆက်အသွယ်က ကောင်းကောင်းမရတော့ မသေချာသေးဘူး”ဟု ပြင်စလူဒေသခံတစ်ဦးက ဆိုသည်။

လပွတ္တာမြို့နယ် စလူဆိပ်ကျေးရွာအပါအဝင်

အောက်ပိုင်းကျေးရွာများက ဒေသခံပြည်သူများသည် ဆိုက်ကလုန်းရှပ်တာများတွင် ရောက်ရှိ ခိုလုံနေကြသည်။ ပြည်သူအချို့မှာ မတ်လ ၂၁ရက်နေ့ကတည်းက လပွတ္တာမြို့ပေါ်တွင် မုန်တိုင်းရှောင်ရန်အတွက် ရောက်ရှိနေကြကြောင်း သိရသည်။

“ဒီမှာ မုန်တိုင်းလာရှောင်နေသူတွေရှိပါတယ်၊ အရင်ကလိုတော့ ဘုန်းကြီးကျောင်းတွေ အပြည့်လာရှောင်နေတာမျိုးတော့ မဟုတ်ဘူး၊ အမျိုးတွေအိမ်တွေနဲ့ အသိဘုန်းကြီးကျောင်းတွေမှာ ခွဲပြီးတော့ ရှောင်နေတာ၊ မြို့ပေါ်မှာတော့ လေတိုက်တယ် မိုးရွာတယ် အဲ့လောက်ပါပဲ”ဟု လပွတ္တာမြို့ခံတစ်ဦးက ပြောသည်။

ငပုတောမြို့နယ်အတွင်း ပြင်ခရိုင် သက္ကယ်သောင် ဂေါ်ရန်ဂျီကျွန်းဒေသများ၌ လေအနည်းငယ်တိုက်ခတ်ကာ မိုးရွာသွန်းမှုကလွဲ၍ လှိုင်းလေထန်မှု နည်းပါးနေသေးကြောင်း သိရသည်။

“စက်လှေတွေတော့ အကုန်လုံး ချောင်းတွေ ထည့်ထားကြပါတယ်၊ လိုက်မေးထားတာမှာ မော်တင်တစ်ကြောရော အနောက်ဘက်တစ်ကြောရော အခုထိ အေးဆေးပါပဲ၊ မိုးနည်းနည်းလာတယ် ကမ်းစပ်နေသူတွေကတော့ ရွာထဲ ပြန်ဝင်နေကြတယ်၊ ရှပ်တာရှိတဲ့ နေရာတွေကတော့ ရှပ်တာပေါ်မှာ သွားနေကြသူတွေရှိတယ်၊ မုန်တိုင်းက ပြီးသွားမယ်ထင်ပါတယ်”ဟု သက္ကယ်သောင်ဒေသခံတစ်ဦးကပြောသည်။

အာစနီမုန်တိုင်းဝင်ရောက်မည့် သတင်းကြောင့် ချောင်းသာကမ်းခြေနဲ့ ငွေဆောင်ကမ်းခြေကို သုံးရက်ပိတ်ထားပြီး၊ ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီက လုပ်ဆောင်နေသည့် စာမေးပွဲများကိုလည်း ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

“စာမေးပွဲတွေကို ရပ်ထားလိုက်တာက မြို့ပေါ်ကြောင့် မဟုတ်ဘူး၊ ရွာတွေမှာ ရှပ်တာဆိုတာ စာသင်ကျောင်းပဲမို့ အခုမုန်တိုင်းကြောင့် ရှပ်တာတွေပေါ် လာနေရသူတွေရှိလို့ စာမေးပွဲလုပ်စရာနေရာမရှိလို့ ရက်ရွေ့ထားတာပါ”ဟု အမည်မဖော်လိုသူ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ဓာတ်ပုံ - ပြင်စလူမြို့ရှိ စာသင်ကျောင်း ရှပ်တာတွင် ပြည်သူများခိုလှုံနေကြစဉ်

#Mizzima

#ဆိုင်ကလုန်းမုန်တိုင်း

#မြစ်ဝကျွန်းပေါ်

#ကုန်းတွင်းပိုင်း

#လေပြင်းတိုက်ခတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly