ယင်းမာပင်မြို့ပေါ် ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ၃ဝ ကျော် ဖမ်းဆီးခံရ

ယင်းမာပင်မြို့ပေါ် ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ၃ဝ ကျော် ဖမ်းဆီးခံရ

မတ် ၂၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ် ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ၃ဝ ကျော်ကို မတ်လ ၂၁ ရက် ညနေပိုင်းအချိန်၌ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့က မဇ္ဈိမကို ပြောသည်။

ယင်းမာပင်မြို့ပေါ်ရှိ မမ္ဘရာကျောင်းနှင့် ရေဝန်းကျောင်းတို့တွင် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များအနက် အမျိုးသား ၃ဝ ကျော်ကို ယင်းမာပင်မြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးအဖွဲ့ (ယင်းမာပင်)၏ တာဝန်ခံ ကိုခန့်က ပြောသည်။

“ရွာထောင်ရွာနဲ့ လေးရွာရဲ့ တောင်ဘက်မှာ ချောင်းရှိတယ်။ ချောင်းလေးပဲ ခြားတာပေါ့။ အဲ့ဒီတော့ ပစ်ခတ်မှုတွေ ဖြစ်တဲ့အခါကျတော့ ကူးပြီး ထွက်ပြေးကြတာ။ ရေဝန်းကျောင်းနဲ့ မမ္ဘရာကျောင်းကို ပြေးတာ။ အဲ့ဒီမှာ အဖမ်းခံလိုက်ရတာ” ဟု ၎င်းက ပြောသည်။

ယင်းမာပင်မြို့နယ်နှင့်ကပ်လျက်ရှိ ရွာထောင်ရွာနှင့် လေးရွာတို့ကို မတ်၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများမှာ မမ္ဘရာဘုန်းကြီးကျောင်းတွင် ညနေပိုင်း၌ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

အင်အား ၁ဝဝ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းက ရွာထောင်ရွာနှင့် လေးရွာတို့ကို ဝင်ရောက်စီးနင်းချိန် လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး ဒေသခံထိခိုက်သေဆုံးမှုရှိ၊ မရှိကို ယမန်နေ့ည သတင်းမေးမြန်းချိန်အထိ အတည်မပြုနိုင်သေးကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးအဖွဲ့ (ယင်းမာပင်)၏ တာဝန်ခံ ကိုခန့်က ပြောသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ဘဲ စစ်ကောင်စီစစ်ကြောင်းက ရွာများကို ပစ်ခတ်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သည့် ရွာထောင်ရွာနှင့် လေးရွာတို့မှ ရွာခံများအပြင် အနီးအနားရှိ ကျေးရွာနေပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

Photo - CJ

#စစ်ကိုင်းတိုင်း

#ယင်းမာပင်မြို့

#စစ်ဘေးရှောင်

#ဖမ်းဆီးခံရ

#ထွက်ပြေးတိမ်းရှောင်

#Mizzima

#PhotoNews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly