ပူတင်၏ အပျော်မယားကို တိုင်းပြည်မှ နှင်ထုတ်ရန် ဆွစ်ဇာလန်နိုင်ငံအား တောင်းဆို 

ပူတင်၏ အပျော်မယားကို တိုင်းပြည်မှ နှင်ထုတ်ရန် ဆွစ်ဇာလန်နိုင်ငံအား တောင်းဆို 

မတ် ၂၂

ယူကရိန်း၊ ရုရှနှင့် ဘီလာရုစ်နိုင်ငံတို့မှ ဗလာဒီမာ ပူတင်အား ဆန့်ကျင်သူများသည် သဘောထားတင်းမာသော ပူတင်၏ ချစ်သူဖြစ်သော အလီနာ ကာဘီဗာကို တိုင်းပြည်မှ နှင်ထုတ်ရန် ဆွစ်ဇာလန်နိုင်ငံအား စုပေါင်းတောင်းဆိုကြသည်။ 

အလီနာ ကာဘီဗာသည် ၎င်းတို့၏ တိတ်တိတ်ပုန်းကလေးများကို ဇိမ်ခံအိမ်ကြီးတစ်လုံး၌ သိုဝှက်ထားရှိသည်ဆိုသော ပြောဆိုချက်များလည်း ထွက်ပေါ်နေခြင်း ဖြစ်သည်။ 

အသက် ၃၈ နှစ်ရှိ ကာဘီဗာသည် အိုလံပစ် ကျွမ်းဘားမယ်ဟောင်းဖြစ်ကာ ရွှေတံဆိပ်ဆုရှင်လည်း ဖြစ်ပြီး ပူတင်၏ အပျော်မယားဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြခြင်းဖြစ်သည်။ သူသည် ပူတင်နှင့် ရသော ကလေးများကို လျှို့ဝှက်ထားရှိသည်ဟု ယူဆထားကြခြင်းလည်းဖြစ်ကာ ပူတင်ကမူ ယင်း ကလေးများအား ဘယ်တုန်းကမျှ တရားဝင် အသိအမှတ်ပြုခြင်း မရှိပေ။ 

ယူကရိန်းနိုင်ငံအား ကျူးကျော်ပြီးနောက် ယခုလ အစောပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံက တောင်ပေါ်သစ်လုံးအိမ်သို့ ကာဘီဗာအား ပို့ဆောင်ထားသည်ဟု သတင်းများ ထွက်လာပြီးနောက်တွင် ယခုကဲ့သို့ မေတ္တာရပ်ခံ တောင်းဆိုချက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။  

“အခုအချိန်ဟာ အီဗာဘလွန်း(ဟစ်တလာ၏ ချစ်သူ)၊ ခင်ဗျားက ခင်ဗျားရဲ့ ဖာသာ(ဟစ်တလာ) နဲ့ ပြန်ပေါင်းစည်းရမယ့် အချိန်ပဲ”ဟု ပြင်းထန်သော စကားလုံးများဖြင့် ပန်ကြားလွှာတွင် ရေးသားထားသည်။ 

“လက်ရှိ စစ်ဖြစ်နေတဲ့ကြားကပဲ ဆွစ်ဇာလန်ဟာ ပူတင်အစိုးရရဲ့ ကြံရာပါတစ်ဦးကို ဆက်လက် လက်ခံထားတယ်”ဟု ယင်း ပန်ကြားလွှာ၌ ဆိုထားသည်။ 

ပူတင်နှင့် ကာဘီဗာတို့ စုံတွဲသည် အချို့သော အခမ်းအနားများ၌ အတူတကွ ဓာတ်ပုံရိုက်ထားမှုများလည်း ရှိသည်။ ပူတင်အား ဆန့်ကျင်သည့် ထောင်ချခံ နာဗယ်နီ တည်ထောင်သော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဖောင်ဒေးရှင်းက ထုတ်ဖော်ရာတွင် ရုရှအစိုးရအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်အချို့က ကာဘီဗာတို့ မိသားစုအား အိမ်ခြံမြေ၊ ငွေကြေးနှင့် အခြားသော ပိုင်ဆိုင်မှုများ လက်ဆောင်ပေးကြသည်ဟု ဖော်ပြထားသည်။ 

ကျွမ်းဘားမယ်ဟောင်း ကာဘီဗာကို လူမြင်ကွင်း၌ တွေ့ရခဲသော်လည်း ရုရှက ယူကရိန်းအား ကျူးကျော်မည့် သီတင်းပတ်များအလို ဒီဇင်ဘာလအတွင်း မော်စကိုရှိ Divine Grace ကျွမ်းဘားတံခွန်စိုက်ပြိုင်ပွဲ အကဗီဒီယို၌ မြင်တွေ့ခဲ့ရသည်။ 

“ကျွန်တော်တို့ ရုရှ၊ ဘီလာရုစ်နဲ့ အခု စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းနိုင်ငံသားတွေအနေနဲ့ ဆွစ်ဇာလန်အာဏာပိုင်တွေကို စုပေါင်းမေတ္တာရပ်ခံတာ ဖြစ်ပါတယ်”ဟု ပြန်ကြားလွှာတွင် ဖော်ပြထားသည်။ အဆိုပါ ပန်ကြားလွှာကို change.org ၌ ဂျာမနီ၊ ပြင်သစ်နှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် တင်ထားခြင်းဖြစ်ကာ လက်ရှိအထိ ပါဝင်လက်မှတ်ထိုးသူပေါင်း ၅၅၀၀၀ နီးပါး ရှိပြီ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly