အကြမ်းဖက်မှု တိုက်ဖျက်ရေးစာချုပ်အား လက်မှတ်ရေးထိုးရန် ထိုင်းနှင့် သြစတြေးလျစီစဉ်

အကြမ်းဖက်မှု တိုက်ဖျက်ရေးစာချုပ်အား လက်မှတ်ရေးထိုးရန် ထိုင်းနှင့် သြစတြေးလျစီစဉ်

ဘန်ကောက်၊ ဇန်နဝါရီ ၂၃ ။              ။ ထိုင်းနှင့် သြစတြေးလျတို့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး စာချုပ်တစ်ခုအား လက်မှတ်ရေးထိုးရန် စီစဉ်လျက်ရှိပြီး ဒေသတွင်းအကြမ်းဖက်မှု အားကိုင်တွယ်ရာတွင် အနီးကပ်ပူးပေါင်းဆောင်ရွက်ရန် ကတိပြုလိုက်ကြသည်ဟု ထိုင်းဒု-ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ပရာဝတ်ဝေါင်ဆူဝန်က ပြောသည်။

ဇန်နဝါရီ ၂၂က သြစတြေးလျတရားရေးဝန်ကြီး မိုက်ကယ်ကီးနန်နှင့် ဆွေးနွေးပြီးနောက် ပရာဝတ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆွေးနွေးပွဲများမှာ နိုင်ငံဖြတ်ကျော်ပြစ်မှု၊ မူးယစ်ဆေးဝါးမှုနှင့် အကြမ်းဖက်မှု တို့အား နှိမ်နင်းရာတွင် ပူးပေါင်းလုပ်ဆောင်ရန် အဓိကရည်ရွယ်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီးပရာဝတ်က ပြောသည်။ ဇန်နဝါရီ ၁၄က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် ကြောက်မက်ဖွယ် အကြမ်းဖက် တိုက်ခိုက် မှုဖြစ်ပွားပြီးနောက် ဒေသတွင်း အိုင်အက်စ်လှုပ်ရှားမှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း သြစတြေးလျအာဏာပိုင်များက ထုတ်ဖော်ပြောကြားခဲ့သည်။

"သြစတြေးလျနဲ့ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ခိုင်မာလာမှာပါ။ နောက်ပြီးတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာတစ်ခုကိုလည်း လက်မှတ်ရေးထိုးမှာပါ။ ဒါပေမဲ့ အသေးစိတ်အချက်အလက်တွေနဲ့ပတ်သက်ပြီး အရင်ဆုံးဆွေးနွေးရဦးမှာဖြစ်ပါတယ်"ဟု ပရာဝတ်ကဆိုသည်။

ထိုင်းအာဏာပိုင်များသည် အိုင်အက်စ်ဆက်နွယ်တိုက်ခိုက်မှုများကို တားဆီးရန် အစွမ်းကုန်ဆောင်ရွက်လျက်ရှိသည်ဟု ဒု-ဝန်ကြီးချုပ်က ပြောသည်။ ထို့အပြင် ထိုင်းတွင် အိုင်အက်စ်မရှိကြောင်းလည်း ၎င်းကထပ်မံပြောသည်။

အကြမ်းဖက်မှုသည် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်လိုအပ်သော ဒေသတွင်းစိန်ခေါ်မှုတစ်ခုဖြစ်သည်ဟု မစ္စတာကီးနန်ကလည်းပြောသည်။ ၎င်း၏ ထိုင်းခရီးစဉ်သည် နှစ်နိုင်ငံလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရာတွင် အမြင်နှင့် သတင်းအချက်အလက်များဖလှယ်ရန် ရည်ရွယ်သည်ဟုလည်း ကီးနန်ကဆိုသည်။ ကီးနန်သည် မူးယစ်ဆေးဝါးပြသနာများနှင့် ပတ်သက်၍ ထိုင်းတရားရေးဝန်ကြီး ပိုင်ဘွန်းကွမ်းချာယာနှင့်လည်း ဆွေးနွေးခဲ့သည်။

သြစတြေးလျဝန်ကြီးနှင့် ဆွေးနွေးခဲ့သော အဆင့်မြင့်အရာရှိကြီးများတွင် လုံခြုံရေးကိစ္စများတွင် ကြီးကြပ်ရသော ဒု-ရဲချုပ် သီရိဝရရန်ဆီဘရာမာနာကူလ်လည်း ပါဝင်ခဲ့သည်။ ဆွေးနွေးပွဲတွင် နိုင်ငံဖြတ်ကျော် အကြမ်းဖက်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များဖလှယ်ခဲ့သည်ဟု သီရိဝရက ပြောသည်။

ဆွေးနွေးပွဲအတွင်း ဗုံးခွဲသည့်အမှုများကို စုံစမ်းစစ်ဆေးရာတွင် အထောက်အကူဖြစ်စေရန် သြစတြေးလျက နည်းပညာနှင့် ကိရိယာတပ်ဆင်မှုအကူအညီပေးရန် ထိုင်းအရာရှိများက တောင်းဆိုခဲ့ကြသည်ဟု ၎င်းကဆိုသည်။ သြစတြေးလျအရာရှိများကလည်း ထိုင်းဗုံးရှင်းလင်းရေးတပ်ဖွဲ့များကို ကူညီမည်ဟု ကတိပြခဲ့ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly