ယူကရိန်းစစ်ကြောင့် ကုန်ဈေးနှုန်း မြင့်တက်၍ ဘင်္ဂလားဒေ့ရှ်၌ စားနပ်ရိက္ခာ ဝေငှသည့် အစီအစဉ် ဆောင်ရွက် 

ယူကရိန်းစစ်ကြောင့် ကုန်ဈေးနှုန်း မြင့်တက်၍ ဘင်္ဂလားဒေ့ရှ်၌ စားနပ်ရိက္ခာ ဝေငှသည့် အစီအစဉ် ဆောင်ရွက် 
People wait in line to buy government subsidised food at a distribution point in Narayanganj on March 20, 2022. Photo AFP

မတ် ၂၁

ရုရှ၏ ယူကရိန်းနိုင်ငံအား ကျူးကျော်စစ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဟင်းချက်ဆီ၊ ပဲနီလေးနှင့် အခြား မရှိမဖြစ် ကုန်စည်များ ဈေးမြင့်တက်ရာ နိုင်ငံတစ်ဝန်း စားနပ်ရိက္ခာ ဝေငှရေး စီမံကိန်းကို တနင်္ဂနွေနေ့တွင် စတင်ဆောင်ရွက်သည်။ 

စစ်ပွဲစတင်ချိန်မှစပြီး ကမ္ဘာ့ရေနံဈေးကွက်၌ ဈေးနှုန်းအတက်အကျကြမ်းခြင်းကြောင့်ဟု တာဝန်ရှိသူများ အပြစ်ဆိုကြသည့် ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်ခြင်းသည် လူဦးရေ သန်း ၁၇၀ ရှိရာ တောင်အာရှ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း၌ မကြာသေးသော သီတင်းပတ်များအတွင်း မကျေမနပ် ဖြစ်မှုများကို ပေါက်ဖွားစေခဲ့သည်။ 

ကုန်သည်များက အကျိုးအမြတ် ဖော်ယူနေသည်ဟု အတိုက်အခံ တက်ကြွလှုပ်ရှားသူများက စွပ်စွဲကာ ကုန်ဈေးနှုန်း မြင့်တက်ခြင်းအား ယခုလကုန်တွင် တစ်နိုင်ငံလုံး သပိတ်မှောက်ခြင်းနှင့်အတူ ဆန္ဒပြစုရုံးမှုများ ပြုလုပ်ရန် စိုင်းပြင်းလာကြသည်။ 

အစ္စလာမ္မစ် ဘာသာရေးအရ ဥပုသ်လဖြစ်သော ရာမာဇန်လကုန်အထိ သီတင်းခြောက်ပတ်အတွင်း ယခု စားနပ်ရိက္ခာ ဝေငှရေး အစီအစဉ်မှနေ၍ ပြည်သူ ၁၀ သန်းကို ဈေးချိုသာသော စားနပ်ရိက္ခများ ထောက်ပံ့သွားမည်ဖြစ်သည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာန အကြီးအကဲ တာပန် ကန်တီ ဂို့ရှ်က ပြောသည်။ 

“ယူကရိန်း စစ်ကြောင့် ရေနံစိမ်းဈေးနှုန်း မြင့်တက်နေတယ်၊ ဒါဟာ ကမ္ဘာ့ကုန်စည်ဈေးနှုန်းကို သက်ရောက်နေတာပဲ ဖြစ်တယ်”ဟု သူက အေအက်ဖ်ပီသို့ ပြောသည်။ 

မြို့တော် ဒါကာ၏ အပြင်ဘက် စက်မှုအချက်အချာ ဖတ်တူလက်ရှ်အရပ်တွင် စားနပ်ရိက္ခာ ဝေငှရေး အစီအစဉ် ပထမရက်၌ ခြစ်ခြစ်တောက်ပူသော နေရောင်အောက် ဝေစုရရှိရေးအတွက် လူရာပေါင်းများစွာက စီတန်းစောင့်ဆိုင်းနေကြသည်ကိုလည်း မြင်တွေ့ရသည်။ 

ယခု ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးသည့် စားနပ်ရိက္ခာကို ဝယ်ယူနိုင်ရန်အတွက် လေးနာရီကြာ စောင့်ဆိုင်းရသည်ဟု မိုရှာရတ်ဖ် ဟူစိန်ဆိုသူ ဒေသခံတစ်ဦးက ပြောသည်။ 

“ဒီ အစီအစဉ်က ကောင်းပါတယ်၊ ပုံမှန်ဈေးတွေမှာ ကုန်ဈေးနှုန်းက မယုံနိုင်လောက်အောင် ဈေးကြီးနေတာ ဖြစ်တယ်”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။ 

ဈေးဆိုင်ပိုင်ရှင်များ ပြောသည်က “ရုရှအနီး ဖြစ်ပွားဆဲ စစ်ကြောင့်” ၎င်းတို့၏ ကုန်စည်များ ဈေးတက်ရခြင်းဖြစ်သည်ဟု ဟူစိန်က ဆိုသော်လည်း ၎င်းအနေဖြင့် မယုံကြည်ကြောင်း ပြောသည်။ 

“ဆန်၊ ပဲနီလေးနဲ့ သကြားဟာ ကျွန်တော်တို့ နိုင်ငံထဲမှာပဲ အများစု ထွက်ရှိတာ ဖြစ်တယ်၊ ဘင်္ဂလားဒေ့ရှ်မှာ စစ်ဖြစ်နေလို့လား၊ လိမ်ညာနေကြတာ သက်သက်ပဲ”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required