ယူကရိန်းနှင့် မြန်မာ၌ ဖြစ်ပွားသော အကြမ်းဖက်မှုအပေါ် ဂျပန်နှင့် ကမ္ဘောဒီးယား ခေါင်းဆောင်များ အပြင်းအထန် ဝေဖန်

ယူကရိန်းနှင့် မြန်မာ၌ ဖြစ်ပွားသော အကြမ်းဖက်မှုအပေါ် ဂျပန်နှင့် ကမ္ဘောဒီးယား ခေါင်းဆောင်များ အပြင်းအထန် ဝေဖန်

မတ် ၂၁

ယူကရိန်းနိုင်ငံရှိ ကျူးကျော်စစ်ပွဲကို ချက်ချင်း အဆုံးသတ်ရေးနှင့် ယင်းနိုင်ငံကနေ တပ်ဖွဲ့ဝင်များ ပြန်လည်ရုပ်သိမ်းရေးအတွက် ရုရှကို ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့က ယမန်နေ့က တိုက်တွန်းသွားခဲ့သည်။ ထို ရန်လိုကျူးကျော်မှုက “ကုလသမဂ္ဂ ပဋိညာဉ်အပေါ် ကြီးလေးသည့် ချိုးဖောက်မှုတစ်ခု” အဖြစ် ဂျပန်နှင့် ကမ္ဘောဒီးယား ခေါင်းဆောင်များက ပြစ်တင်ဝေဖန်ခဲ့သည်။

ဂျပန်နှင့် ကမ္ဘောဒီးယား ခေါင်းဆောင်နှစ်ဦးသည် ဖနွမ်းပင်၌ တွေ့ဆုံသည့် အစည်းအဝေးအပြီး ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထို ကြေညာချက်ထဲတွင် စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ချက်ချင်း ရပ်စဲရေး၊ ဖြုတ်ချခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ထိန်းသိမ်းခံထားရသူများကို အာဏာသိမ်းစစ်ကောင်စီဘက်မှ ပြန်လွှတ်ပေးရေးနှင့် ဒီမိုကရေစီ နိုင်ငံရေးစနစ်ဆီ မူလအတိုင်း ပြန်သွားရေးကို ဂျပန်နှင့် ကမ္ဘောဒီးယား ခေါင်းဆောင်နှစ်ဦးက တောင်းဆိုခဲ့သည်။

နိုင်ငံတကာက အသိအမှတ်ပြုထားသည့် နယ်နိမိတ်များကို အင်အားသုံးပြီး တစ်ဖက်သတ် ပြောင်းလဲမှုမှန်သမျှကို လက်မခံသည့် နိုင်ငံတကာ စနစ်၏ အုတ်မြစ်ကို ယခု ကျူးကျော်မှုက ထိခိုက်စေခဲ့သည်ဟု ကီရှီဒါနှင့် ဟွန်ဆန်က အသိအမှတ်ပြုခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။ သို့သော် ယင်းက ရုရှကို ကွက်၍ ရွေးထုတ်ခဲ့ခြင်း မရှိပေ။

“နိုင်ငံတကာ စနစ်ရဲ့ အုတ်မြစ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကျွန်တော်တို့ အနီးကပ် ပူးပေါင်းလုပ်ဆောင်သွားဖို့ အတည်ပြုခဲ့ပါတယ်” ဟု ကီရှီဒါက ဟွန်ဆန်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

“စစ်ကို စစ်နဲ့ပဲ အဆုံးသတ်လို့ မရနိုင်ပါဘူး။ ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းကပဲ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်” ဟု ဟွန်ဆန်က ပြောသည်။ ၎င်းသည် ၁၉၇၀ မှ ၁၉၉၁ အကြား ပြည်တွင်းစစ်ပွဲတစ်ခု တိုက်ခိုက်ခဲ့သည့် ကမ္ဘောဒီးယား၏ အတွေ့အကြုံကို ရည်ညွှန်းပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

အနောက်နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ၊ ယူကရိန်း၏ ခုခံတွန်းလှန်မှုနှင့် ရင်ဆိုင်နေရစဉ် ရုရှအနေဖြင့် ယင်း၏ နျူကလီးယားလက်နက်ကို အသုံးပြုနိုင်သည်ဆိုပြီး သမ္မတ ဗလာဒီမာပူတင်က ရိုးတိုးရိပ်တိပ် ပြောဆိုထားခဲ့မှုနှင့်ပတ်သက်ပြီး ကီရှီဒါနှင့် ဟွန်ဆန်က ပြောကြားရာတွင် “အစုအပုံလိုက် ဖျက်ဆီးပစ်မယ့် လက်နက်အမျိုးအစားအားလုံး အသုံးပြုမှုနဲ့ ခြိမ်းခြောက်မှုတို့ကို ဘယ်တော့မှ လက်ခံလို့မရနိုင်ပါဘူး” ဟု ပြောဆိုသွားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required