ထိုင်ဝမ်ကို ကျူးကျော်ပါက တရုတ်အတွက် အခက်အခဲ များစွာ ရှိနိုင်

ထိုင်ဝမ်ကို ကျူးကျော်ပါက တရုတ်အတွက် အခက်အခဲ များစွာ ရှိနိုင်

ရုရှားကို တုပကာ တရုတ်အနေဖြင့် ထိုင်ဝမ်ကို ဝင်ရောက်တိုက်ခိုက်နိုင်သည့် သတင်းများ ထွက်ပေါ်နေသော်လည်း ထင်သလောက် လွယ်ကူလိမ့်မည်မဟုတ်ပေ။

တရုတ်တပ်များအနေဖြင့် ထိုင်ဝမ်ကို ဝင်ရောက်ကျူးကျော်ရာတွင် မဟာဗျူဟာအရ၊ ပထဝီအခြေအနေအရနှင့် နည်းဗျူဟာရပ်ဆိုင်ရာ ကိစ္စရပ်များ ရှိနေသည်။

ထိုင်ဝမ်သည် ဘက်ပေါင်းစုံတွင် ပင်လယ်ဖြင့် ဝန်းရံထားပြီး တရုတ် ပြည်မကြီးမှ ၁၆၁ ကီလိုမီတာ ကွာဝေးသည်။ ယင်းအနေကြောင့် တရုတ်အနေဖြင့် မြေပြင်ရေပြင် ဘက်စုံတိုက်ခိုက်ရန် လိုအပ်သော်လည်း ရုရှားက ယူကရိန်းကို ကျူးကျော်ရာတွင် နယ်စပ်ကိုသာ ဖြတ်သန်းဝင်ရောက်ခဲ့ရကြောင်း The Singapore Post တွင် ဖော်ပြထားသည်။

မြေပြင်ရေပြင် ဘက်စုံတိုက်ခိုက်ရန် လိုအပ်ချက်များစွာ ရှိမည်ဖြစ်ပြီး အမှန်တကယ်အောင်မြင် မခန့်မှန်းနိုင်ပေ။ ထိုင်ဝမ်၏ စစ်အင်အား အခြေအနေကြောင့်လည်း ပိုမိုအခက်အခဲ ရှိလာစေနိုင်သည်။

ထိုင်ဝမ်ကို တိုက်ခိုက်ပါက တရုတ်အနေဖြင့် အခက်အခဲများစွာကို ကြုံတွေ့ရမည်ဖြစ်သည်။ အဓိက အချက်မှာ စစ်အင်အား ကောင်းသည့် အမေရိကန်ကို ရင်ဆိုင်ရမည်ဖြစ်သည်။ အမေရိကန်အနေဖြင့် ယူကရိန်းကို ကာကွယ်ရန် တာဝန်မရှိပေ။ သို့သော် ထိုင်ဝမ်နှင့် အမေရိကန်တို့အကြား ကာကွယ်ရေး သဘောတူညီချက်ကို ၁၉၅၄ ခုနှစ်က လက်မှတ်ရေးထိုးထားသည်။

ထို့ပြင် အမေရိကန်သည် ထိုင်ဝမ်ကို လက်နက်ရောင်းချပေးနေသည့် အဓိက နိုင်ငံဖြစ်သောကြောင့် တရုတ်အနေဖြင့် ထိုင်ဝမ်ကို ကျူးကျော်ပါက အမေရိကန်အပြင် အခြားမဟာမိတ်နို်ငငံများဖြစ်သည့် ကနေဒါ၊ ဗြိတိန်၊ ဩစတြေးလျ၊ ပြင်သစ် အစရှိသည့် နိုင်ငံများကို ထိပ်တိုက် ရင်ဆိုင်ရမည်ဟု Singapore Post သတင်းတွင် ရေးသားထားသည်။

တရုတ်က ကျူးကျော်နိုင်သည့် အလားအလာရှိကြောင်း သတင်းများ ထွက်ပေါ်လာချိန်တွင် အမေရိကန်က ၎င်း၏ တပ်ဖွဲ့များကို ထိုင်ဝမ်သို့ စေလွှတ်ခဲ့သည်။ ထိုင်ဝမ်ရေလက်ကြားတွင်လည်း အမေရိကန် စစ်သင်္ဘောများက ပုံမှန် ကင်းလှည့်နေသည်။ ထိုင်ဝမ်၏ Kang Ding-Class စစ်သင်္ဘောများကို ပြင်သစ်က အဆင့်မြှင့်တင်ပေးနေသည်။

ထိုင်ဝမ်၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ဂျပန်နှင့် ဩစတြေးလျတို့က ထောက်ခံထားကာ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ပါက ထောက်ခံမည်မဟုတ်ကြောင်း ကြေညာထားပြီး ဖြစ်သည်။

“ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ ထိုင်ဝမ်ကို မိမိတို့အနေနဲ့ ကာကွယ်ရမယ်” ဟု ဂျပန် ဒုတိယကာကွယ်ရေး ဝန်ကြီး ယာစုဟိဒဲ နာကာယာမာက ပြောကြားသည်။ ထိုင်ဝမ်၏ လွတ်လပ်မှုသည် ဂျပန်၏ လုံခြုံရေးအတွက်နှင့် ဆန်ကဲကု ကျွန်းများကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် တရုတ်နှင့် အငြင်းပွားနေသောကြောင့် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးသည် ဂျပန်အတွက် အရေးကြီးသည်။

တရုတ်က ထိုင်ဝမ်ကို ကျူးကျော်လာပါက လုပ်ဆောင်မည့် အစီအစဉ်ကို ဂျပန်နှင့် အမေရိကန်တို့က ရေးဆွဲပြီး ဖြစ်သည်။ တရုတ်က ထိုင်ဝမ်ကို စစ်ရေးအရ တိုက်ခိုက်လာပါက ထိုင်ဝမ်ကို အပြည့်အဝ ကူညီပေးမည်ဟု ဩစတြေးလျက ကြေညာထားပြီး ဖြစ်သည်။

ထို့ပြင် တရုတ်တွင် ထိုင်ဝမ်ကို ကျူးကျော်နိုင်မည့် မြေပြင်ရေပြင်သုံး တိုက်ခိုက်ရေးယာဉ်အကြီးစားများနှင့် ကမ်းကပ်ယာဉ် အလတ်စားများ မရှိကြောင်း ၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့သည့် အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုင်ဝမ်သည် တရုတ်ပြည်မကြီး၏ အစိတ်အပိုင်းဖြစ်ပြီး ပြန်လည်ပေါင်းစည်းရမည်ဟု တရုတ်ဝန်ကြီးချုပ့် လီကေရှန်းက မကြာသေးမီက ထပ်လောင်းပြောကြားခဲ့သည့်အပြင် အနောက်အုပ်စုအနေဖြင့် ထိုင်ဝမ်အရေးတွင် ခပ်ဝေးဝေးနေရန် ၎င်းက သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly