ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ်တွင် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် စစ်သား ၄ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ်တွင် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် စစ်သား ၄ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် ဆီဘီခရိုင်တွင် လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုတစ်ခုကြောင့် စစ်သား ၄ဦး သေဆုံးပြီး အခြား ၁၀ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြထားသည်။

ယခု တိုက်ခိုက်မှုဖြစ်စဉ် မတိုင်မီ ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း အဆိုပါခရိုင်၌ပင် အသေခံဗုံးခွဲ တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့၍ ပါကစ္စတန်စစ်သား ၇ဦးထက်မနည်း သေဆုံးခဲ့သည်။ ထိုအသေခံဗုံးခွဲတိုက်ခိုက်မှုက မိမိတို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အိုင်အက်စ် ခိုရာစန် (ISKP) အဖွဲ့က ပြောသည်။

အသေခံဗုံးခွဲတိုက်ခိုက်သူ၏ အမည်မှာ “အဗ္ဗဒူလ် ရာမန် အယ်လ် ဘက်ကစ္စတန်နီ” ဆိုသူ ဖြစ်ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ပါကစ္စတန်နိုင်ငံတွင် အထူးသဖြင့် ယခုနှစ်စပိုင်းနောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အချို့ ဖြစ်ပွား ထားခဲ့ပြီး အစ္စလမ်မာဘတ်နှင့် လာဟိုး အပါအဝင် အဓိကမြို့ကြီးများ ပစ်မှတ်ထား တိုက်ခိုက်ခံထားရသည်။

ပါကစ္စတန်သည် ပြီးခဲ့သည့် နောက်ပိုင်းနှစ်များအတွင်း ဖရိုဖရဲ ဖြစ်မှုနှင့် မတည်မငြိမ်ဖြစ်မှု အခြေအနေသို့ ဖြည်းဖြည်းချင်း သက်ဆင်းကျရောက်ထားခဲ့သည် ဆိုသည့် စိုးရိမ်ပူပန်မှုများကို ထောက်ခံဖော်ပြထားသည့် အစီရင်ခံစာတစ်ရပ်ကို အစ္စလမ်မာဘတ်အခြေစိုက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြံပေးအဖွဲ့တစ်ခုဖြစ်သည့် ပါကစ္စတန် ငြိမ်းချမ်းရေး လေ့လာမှု အင်စတီကျူ့က မကြာသေးခင်က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်ကလည်း ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် တန့်မြို့တွင် လက်လုပ်မိုင်း ပေါက်ကွဲမှုတစ်ခုကြောင့် ရဲတစ်ဦး ဒဏ်ရာရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly