မြန်မာစစ်တပ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ဟု အမေရိကန်အစိုးရ တရားဝင် ဆုံးဖြတ်

မြန်မာစစ်တပ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ဟု အမေရိကန်အစိုးရ တရားဝင် ဆုံးဖြတ်

မတ် ၂၁

ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်၏ ကျူးလွန်ခဲ့မှုများက လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားထုအပေါ် ကျူးလွန်သည့် ပြစ်မှုများ မြောက်သည်ဟု သမ္မတ ဂျိုးဘိုင်ဒင် ဦးဆောင်သည့် အမေရိကန်အစိုးရက တရားဝင် သတ်မှတ်လိုက်ကြောင်း အမေရိကန်အရာရှိတစ်ဦးက မတ်လ ၂၀ ရက်တွင် စီအင်န်အင်န်ကို ပြောသည်။

အမေရိကန်အစိုးရက ထိုသို့ ဆုံးဖြတ်သတ်မှတ်စေရန် လူ့အခွင့်အရေးအုပ်စုအဖွဲ့များက နှစ်များစွာကြာ ထောက်ခံကြိုးပမ်းထားခဲ့ကြသည်။ ယခု အမေရိကန်အစိုးရ၏ ထိုဆုံးဖြတ်ချက်ကို နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မတ်လ ၂၁ ရက်တွင် ဝါရှင်တန်ဒီစီ ရှိ Holocaust အထိမ်းအမှတ်ပြတိုက်၌ တရားဝင် ကြေညာသွားမည် ဖြစ်သည်။

မြန်မာစစ်တပ်၏ ကျူးလွန်မှုများကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမေရိကန်အစိုးရ၏ အသိအမှတ်ပြုဆုံးဖြတ်မှုကို ရိုက်တာက ကနဦး ဖော်ပြခဲ့သည်။

ဤမတိုင်ခင်အထိ အမေရိကန်သည် ရိုဟင်ဂျာ မွတ်ဆလင် လူနည်းစုအပေါ် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ် ကျူးလွန်ထားခဲ့သည့် လူအများအပြား သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု အပါအဝင် ရက်စက်ယုတ်မာသည့် လုပ်ရပ်များကို လူမျိုးတုံးသတ်မှုတစ်ခုအဖြစ် ကြေညာမထားခဲ့ပေ။ မြန်မာစစ်တပ်၏ အကြမ်းဖက်မှုကြောင့် လူတစ်သန်းနီးပါး ထွက်ပြေးခဲ့ကြရပြီး စစ်တပ်ထိပ်ပိုင်းအရာရှိများ လူမျိုးတုံးသတ်မှု စွဲချက်များဖြင့် ရင်ဆိုင်ရစေရေးအတွက် လုပ်ဆောင်ရန် ကုလသမဂ္ဂက အကြံပေးခဲ့သည်။

“ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ယခုနောက်ဆုံးမှာ တရားဝင် အသိအမှတ်ပြုလိုက်တဲ့အတွက် ဘိုင်ဒင် အစိုးရကို ကျွန်တော် ချီးကျူးပါတယ်။ ဒီ စိစစ်သတ်မှတ်မှုက အချိန်အတော်လင့်နေပြီ ဆိုပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ဒီလူမဆန်ရက်စက်တဲ့ တာဝန်ရှိသူတွေကို တာဝန်ခံမှု၊ တာဝန်ယူမှု ရှိလာစေဖို့အတွက် အားကောင်းပြီး၊ အင်မတန် အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်” ဟု ဆိနိတ်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒီမိုကရက်တစ်ပါတီမှ ဆိနိတ်တာ ဂျက်ဖ် မာ့ခ်လေးက တနင်္ဂနွေနေ့ ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

“ဒီလိုမျိုး ရက်စက်ကြမ်းကြုတ်မှုတွေ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ဒါတွေဟာ သတိမပြုမိဘဲ တိမ်မြုပ်သွားတာမျိုးကို ဘယ်တော့မှ ခွင့်ပြုသွားမှာ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိအောင် အမေရိကန်က ကမ္ဘာကို ဦးဆောင်ရပါလိမ့်မယ်” ဟု အော်ရီဂွန်းပြည်နယ်မှ အထက်လွှတ်တော်အမတ်က ပြောခဲ့သည်။

မြန်မာနိုင်ငံ မြောက်ပိုင်း ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုက “လွန်ကဲ၊ ကျယ်ပြန့်၊ ပျံ့နှံ့ဖြစ်ပေါ်ခဲ့ပြီး အမြင်အားဖြင့် ပြည်သူလူထုကို အကြမ်းဖက်ခြိမ်းခြောက်ရန်နှင့် ရိုဟင်ဂျာများကို နှင်ထုတ်ရန် ရည်ရွယ်ခဲ့ကြောင်း ၂၀၁၈ ခုနှစ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ရပ်တွင် တွေ့ရှိထားခဲ့သည်။

ထို လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ကျူးလွန်ထားမှုများအတွက် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ် အရာရှိများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အရေးယူပိတ်ဆို့မှုလုပ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly