ဝန်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းမှု မတိုင်မီ ပါကစ္စတန်မြို့တော် အစ္စလမ်မာဘတ်တွင် လုံခြုံရေးတင်းကျပ်

ဝန်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းမှု မတိုင်မီ ပါကစ္စတန်မြို့တော် အစ္စလမ်မာဘတ်တွင် လုံခြုံရေးတင်းကျပ်

ပါကစ္စတန်နိုင်ငံတွင် အတိုက်အခံပါတီများဘက်က ယခုလကုန်ပိုင်း၌ အမျိုးသားလွှတ်တော်၌ ဝန်ကြီးချုပ် အီမရန်ခန်း အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတစ်ရပ် တင်သွင်းရန် စီစဉ်နေသောကြောင့် ဖက်ဒရယ်အစိုးရက တရားဥပဒေစိုးမိုးမှု အခြေအနေကို ထိန်းသိမ်းရန် လုံခြုံရေးကို တင်းကျပ်ထားသည်။

လာမည့် မတ်လ ၂၇ ရက်၌ မြို့တော် အစ္စလမ်မာဘတ်၌ လူထုစုဝေးပွဲတစ်ခု ကျင်းပမည့် အစီအစဉ်တစ်ခုကို အာဏာရ (PTI) ပါတီက ကြေညာခဲ့ပြီးနောက် အစိုးရက မြို့တော်၌ စစ်တပ်၏ အရန်လက်နက်ကို်ငတပ်ဖွဲ့များ တပ်ဖြန့်ရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး Geo News က ဖော်ပြသည်။

အစ္စလမ်မာဘတ်၌ အရန် တပ်ဖွဲ့ဝင် ၁,၀၀၀ ထက်မနည်း တပ်ဖြန့်မှုနှင့် စပ်လျဉ်းပြီး ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနက အစိုးရအဖွဲ့ထံ အစီရင်ခံစာတစ်ရပ် ပေးပို့ထားသည်ဟု ယင်းသတင်းတွင် ဖော်ပြထားသည်။

လူထုစုဝေးပွဲတစ်ခု ကျင်းပမည့်ကိစ္စ PTI က ကြေညာပြီးနောက်တွင် အတိုက်အခံ ပါကစ္စတန် ဒီမိုကရက်တစ်လှုပ်ရှားမှု (PDM) အဖွဲ့ကလည်း စုဝေးဆန္ဒပြပွဲတစ်ခုလုပ်ဆောင်ရန်အလို့ငှာ မတ်လ ၂၃ ရက်တွင် အစ္စလမ်မာဘတ်သို့ ခရီးရှည်ချီတက်မှု စတင်ရန် အတိုက်အခံ ပါတီဝင်များနှင့် ပြည်သူများကို ဆော်ဩ တောင်းဆိုခဲ့သည်။

ပါကစ္စတန် မွတ်ဆလင် အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) ဥက္ကဋ္ဌ နှင့် အမျိုးသားလွှတ်တော်ရှိ အတိုက်အခံအင်အားစု ခေါင်းဆောင်ဖြစ်သည့် ရှာဘတ်ဇ် ရှာရစ်ဖ်၏ နေအိမ်တွင် ပြုလုပ်သည့် ပူးတွဲအတိုက်အခံတို့၏ အစည်းအဝေး တစ်ခုကို တက်ရောက်ပြီးနောက် PDM ဥက္ကဋ္ဌ မော်လာနာ ဖက်ဇ်လာ ရာမန်က ယင်းကြေညာချက်ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်ဟု ပါကစ္စတန် Dawn သတင်းစာက ဖော်ပြသည်။

နိုင်ငံရေး မတည်ငြိမ်မှုများ ဆက်လက် ဖြစ်ပွားနေစဉ် ဝန်ကြီးချုပ် အီမရန် ခန်း အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတစ်ရပ်အတွက် မဲခွဲမှုသည် မတ်လ ၂၇ ရက်နောက်ပိုင်း ဖြစ်ပေါ်လာဖွယ် ရှိသည်ဟု PTI ဆီနိတ်တာ ဂျာဗက် ခန်က ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly