အင်ဒိုနီးရှားရှိ တရုတ်ကုမ္ပဏီများကြောင့် သဘာပတ်ဝန်းကျင် ထိခိုက်

အင်ဒိုနီးရှားရှိ တရုတ်ကုမ္ပဏီများကြောင့် သဘာပတ်ဝန်းကျင် ထိခိုက်

အင်ဒိုနီးရှားရှိ တရုတ်ကုမ္ပဏီများသည် သဘာဝသယံဇာတအရင်းအမြစ်များကို အဆက်မပြတ် ဆက်လက် အမြတ်ထုတ်နေသလို နိုင်ငံ၏ဂေဟစနစ်ဟန်ချက်ညီမှုကို အနှောင့်အယှက်ဖြစ်စေသောကြောင့် ၎င်းတို့၏လုပ်ငန်းလည်ပတ်မှုသည် နိုင်ငံ၏သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်တစ်ခုဖြစ်လာကြောင်း TheHong Kong Post က ဖော်ပြသည်။

ကုမ္ပဏီများသည် အထိခိုက်မခံသော ဒေသပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ သစ်ပင်ပန်းမန်များနှင့် တိရစ္ဆာန်မျိုးကွဲမျိုးစုံကိုသာမက ဌာနေတိုင်းရင်းသား လူဦးရေကိုလည်း ခြိမ်းခြောက်လျက်ရှိရာ အာဖရိကတွင် ၎င်းတို့ ပြုလုပ်ခဲ့သည့်အတိုင်း ဇီဝမျိုးစုံမျိုးကွဲများကို ဆက်လက်ထိခိုက်စေလျက်ရှိကြောင်း TheHong Kong Post က ဖော်ပြခဲ့သည်။

တရုတ်၏ အလှမ်းကျယ်လွန်းသော ခါးပတ်လမ်းရပ်ဝန်း (BRI) စီမံကိန်းအောက်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ ဘန်တန်တိုရူ ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်မှုသည် အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းရှိ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေသော ဆူမားတြားလူဝံမျိုးစိတ်များကို ခြိမ်းခြောက်လျက်ရှိသည်။

ထို့ပြင် ဇင့်သတ္တုတူးဖော်ရေးစီမံကိန်း PT Dairi Prima Mineral Project (DPM) တွင် သတ္တုတူးခြင်းမှ ဘေးထွက်ပစ္စည်းအဖြစ်ထွက်လာသော ဆာလဖျူရစ်အက်ဆစ်ကြောင့် မြေအချဉ်ဓာတ် မြင့်တက် လာနိုင်ကြောင်း ဌာနေတိုင်းရင်းသားများအကြား စိုးရိမ်မှုများရှိနေသည်။

တရုတ်ကုမ္ပဏီကို ပေးအပ်ထားသောလုပ်ပိုင်ခွင့်အတိုင်းအတာနှင့်ပတ်သက်၍လည်း သံသယများရှိနေပြီး သတ္တုစီမံကိန်း၏ တာဝန်ယူမှုနှင့်ပွင့်လင်းမြင်သာမှုဆိုင်ရာ ပြဿနာများလည်း ရှိသည်။

ဒေသခံများ၏ စိုးရိမ်မှုနှင့်ပတ်သက်ပြီး တရုတ်၏ကိုယ်ချင်းစာစိတ်ကင်းမဲ့မှု အထင်ရှားဆုံး သာဓကတစ်ခုမှာ ဂျကာတာ-ဘန်ဒေါင်းမြန်နှုန်းမြင့်မီးရထားလမ်းစီမံကိန်းကိုင်တွယ်ပုံဖြစ်ပြီး ၎င်းစီမံကိန်းကြောင့် ဒေသခံများ ဖိအားပေး နှင်ထုတ်ခံရခြင်း၊ ရေကြီးခြင်းနှင့် လယ်ယာမြေပျက်စီးခြင်းတို့ ကြုံတွေ့ရသည်။

ထို့ကြောင့် အင်ဒိုနီးရှားရှိ တရုတ်ငွေကြေးထောက်ပံ့ထားသော စီမံကိန်းအများစုသည် ၎င်းတို့၏ စီးပွားရေးရည်မှန်းချက်များအတွက် ဒေသခံလူထု၏ စိတ်ခံစားမှုကို ဆက်လက်လျစ်လျူရှုလျက်ရှိပြီး သဘာဝပတ်ဝန်းကျင်ကို ဘေးအန္တရာယ်ဖြစ်စေကြောင်းTheHong Kong Post က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly