တဏှာလောဘ အစွန်းရောက်သူတို့သည် လောင်စာထည့်သူများဖြစ်ကြသည်ဟု သမ္မတ လျှောက်တင်

တဏှာလောဘ အစွန်းရောက်သူတို့သည် လောင်စာထည့်သူများဖြစ်ကြသည်ဟု သမ္မတ လျှောက်တင်
Photo - MNA

ဇန်နဝါရီလ ၂၃ ရက် ။             ။ ယနေ့ဖြစ်ပွားနေသည့် စစ်ပွဲများသည် တောက်လောင်လျက်ရှိသော မီးပုံထဲသို့ လောင်စာများကို ထပ်မံထည့်သွင်းနေသကဲ့ သို့ ဖြစ်နေသည်ဟု သမ္မတဦးသိန်းစိန်က ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး ညီလာခံကြီးတွင် လျှောက်ထားလိုက်သည်။

"တဏှာလောဘ အစွန်းရောက်သူတို့သည် မီးပုံထဲသို့ လောင်စာထည့်သူများ ဖြစ်ကြပါသည်။ ဒေါသအာဃာတ အစွန်းရောက်သူတို့သည်လည်း ဤကမ္ဘာလောကကြီးကို မီးရှို့သူများ ဖြစ်ပါသည်။" ဟု သမ္မတက လျှောက်သည်။

ယင်းသည်ပင် နိယာမသဘောတစ်ခုဖြစ်ပြီး လူမျိုးဘာသာမရွေး၌ ရှိနေကြသဖြင့် 'လောဘဟူသော အစွန်းတစ်ဖက်နှင့် ဒေါသဟူသော အခြားအစွန်းတစ်ဖက်ကို ရှောင်တိမ်း၍ အလယ်လမ်းကို လျှောက်လှမ်းနိုင်ရန် အရေးကြီးပါသည်ဟု သမ္မတက ဆိုသည်။

စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓဘာသာတက္ကသိုလ်၊ သဒ္ဓမ္မဇောတိကာ မဟာသိမ်တော်ကြီး၌ ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံကြီး၏ ပထမနေ့ ဇန်နဝါရီ ၂၂ ရက်တွင် ယင်းသို့ ထည့်သွင်းလျှောက်သွားသည်။

ယင်းနေ့နံနက်ပိုင်းတွင် သမ္မတဦးသိန်းစိန်နှင့်အတူ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီး တချို့၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒု-ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ အလယ်ပိုင်းတိုင်းမှူးတို့သည် အိန္ဒိိယနိုင်ငံမှ ပင့်ဆောင်လာသည့် ဗုဒ္ဓအရိုးဓာတ်တော်အား ဖူးမြော်ခဲ့ကြသေးသည်။

ညီလာခံကြီး၌ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဌ ဗန်းမော်ကျောင်းတိုက်ပဓာနနာယက ဆရာတော်ကြီး၊ အပြည်ပြည် ဆိုင်ရာ ထေရဝါဒတက္ကသိုလ်ပါမောက္ခချုပ်၊ ကျင်းပနေသည့် ငြိမ်းချမ်းရေးညီလာခံဥက္ကဌ သီတဂူ ဆရာတော်ဘုရားကြီး တို့ပြင် တိဗက်ဆရာတော်များ၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊ ဗုဒ္ဓစာပေပညာရှင်များလည်း တက်ရောက်နေကြသည်။

ဇန်နဝါရီ ၂၄ အထိကျင်းပမည့် ညီလာခံ ပထမနေ့၌ သမ္မတကြီးက "ကမ္ဘာ့ရွာခေတ်တွင် မတူကွဲပြားသော မျိုးရိုးဇာတိနှင့် မတူကွဲပြားသောယဉ်ကျေးမှုရှိသည့် လူမှုအသိုက်အဝန်းများသည် နိုင်ငံတကာအမှတ်အသားတစ်ခုအဖြစ် တည်ရှိလာပြီ ဖြစ်ပါသည်။" ဟုလည်း လျှောက်တင်သွားသည်။

ယင်းနှင့်အတူ အသားအရောင်၊ အတွေးအခေါ်၊ ယုံကြည်မှုတို့အပေါ် အခြေခံ၍လည်း လူမျိုးရေး၊ ဘာသာရေးနှင့် ဆက်နွယ်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာကြသည်ဟုလည်းဆိုသည်။

ကမ္ဘာတစ်ဝန်းရှိ ဘာသာရေးခေါင်းဆောင်များ၊ အမျိုးသားရေးခေါင်းဆောင်များနှင့် နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် လူသားများအား အစွန်းနှစ်ဖက် ရှောင်တိမ်းပြီး အလယ်လမ်းကို လျှောက်လှမ်းကြရန် နှိုးဆော်လျက် အတူတကွ ကြိုးပမ်း အားထုတ်ကြရန် သမ္မတဦးသိန်းစိန်က ညီလာခံတက်ရောက်သူများကို တိုက်တွန်းပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly