ချယ်လ်ဆီးနည်းပြ ၁၁ ဦးနှင့် ရင်ဆိုင်ခဲ့ရသည့် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး

ချယ်လ်ဆီးနည်းပြ ၁၁ ဦးနှင့် ရင်ဆိုင်ခဲ့ရသည့် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး

လန်ဒန်၊ ဇန်နဝါရီ ၂၃ ။          ။ အာစင်ဝင်းဂါးသည် အာဆင်နယ်အသင်းကို ကိုင်တွယ်ခဲ့သည့် နှစ် ၂၀ တာကာလအတွင်း၌ ချယ်လ်ဆီးနည်းပြပေါင်း ၁၁ ဦးနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုချယ်လ်ဆီးနည်းပြ ၁၁ ဦးတွင် မော်ရင်ဟိုနှင့် ဂုစ်ဟစ်ဒင့်တို့မှာ အသင်းကို နှစ်ကြိမ်မြောက်ကိုင်တွယ်ခဲ့ကြခြင်းဖြစ်ပြီး ယခုတစ်ပတ်တွင် ဟစ်ဒင့်နှင့် အာစင်ဝင်းဂါးတို့ ထပ်မံတွေ့ဆုံရဦးမည် ဖြစ်သည်။ ယခုတစ်ပတ်တွင် တွေ့ဆုံကြမည့် ပွဲစဉ်မှာ အာစင်ဝင်းဂါးအတွက် ၃၉ ကြိမ်မြောက် ပရီးမီးယားလိဂ်ပွဲစဉ်လည်း ဖြစ်သည်။

အာဆင်နယ်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့မှာ လန်ဒန်မြို့ခံအသင်းများဖြစ်ကြပြီး ပြိုင်ဆိုင်မှုပြင်းထန်သည့် ဒါဘီပြိုင်ဘက်များလည်း ဖြစ်ကြသည်။

အာစင်ဝင်းဂါးသည် ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ ပွဲ ကစားပြီးခဲ့ရာတွင် ၁၅ ပွဲနိုင်၊ ၁၂ ပွဲသရေကျပြီး ၁၁ ပွဲရှုံးနိမ့်ခဲ့ရသည်။ အနိုင်ရာခိုင်နှုန်းမှာ ၃၈ ဒသမ ၄၆ ရာခိုင်နှုန်းဖြစ်သည်။

ဝင်းဂါးသည် ချယ်လ်ဆီးအသင်းအပေါ်အနိုင်ရာခိုင်နှုန်းများသော်လည်း ထိုနိုင်ပွဲအများစုမှာ အာဆင်နယ်နည်းပြဘဝအစောပိုင်းက ရရှိထားခြင်းဖြစ်သည်။

အာစင်ဝင်းဂါးသည် မော်ရင်ဟိုကို ပရီးမီးယားလိဂ်ပွဲစဉ်များတွင် တစ်ပွဲမှ အနိုင်ရရှိခြင်း မရှိခဲ့ပေ။ ဂုစ်ဟစ်ဒင့်နှင့်လည်း ၂၀၀၉ ခုနှစ်က တစ်ကြိမ်တွေ့ဆုံခဲ့ဖူးရာ ရှုံးနိမ့်ထားသည်။

အာစင်ဝင်းဂါး အပြည့်အ၀ အနိုင်ရသည့် ချယ်လ်ဆီးနည်းပြမှာ ရုဒ်ဂူးလစ်ဖြစ်ပြီး သုံးပွဲစလုံးအနိုင်ရခဲ့သည်။ ထို့အပြင် ဗီယာလီနှင့် ရာနီရေရီတို့အပေါ်တွင်လည်း ရှုံးပွဲမရှိခဲ့ဘဲ နိုင်ပွဲနှင့် သရေပွဲများသာ ရှိခဲ့သည်။

သို့သော် ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင် အာစင်ဝင်းဂါးအနေဖြင့် ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်တွင် နှစ်ပွဲသာ အနိုင်ရရှိခဲ့သည်။

အာစင်ဝင်းဂါးနှင့် ချယ်လ်ဆီးနည်းပြများ မှတ်တမ်း

ရုဒ်ဂူးလစ်(၁၉၉၇-၉၈) - ၃ ပွဲ၊ (နိုင် ၃)

ဗီယာလီ(၁၉၉၈-၀၀) - ၅ ပွဲ၊ (နိုင် ၃၊ သရေ ၂)

ရာနီရေရီ(၂၀၀၀-၀၄) - ၇ ပွဲ၊ (နိုင် ၄၊ သရေ ၃)

မော်ရင်ဟို(၂၀၀၄-၀၇) - ၆ ပွဲ၊ (သရေ ၄၊ ရှုံး ၂)

အေဗရန်ဂရန့်(၂၀၀၇-၀၈) - ၂ ပွဲ၊ (နိုင် ၁၊ သရေ ၁)

စကိုလာရီ(၂၀၀၈-၀၉) - ၁ ပွဲ၊ (နိုင် ၁)

ဂုစ်ဟစ်ဒင့်(၂၀၀၉) - ၁ ပွဲ၊ (ရှုံး ၁)

အန်စလော့တီ(၂၀၀၉-၁၁) - ၅ ပွဲ၊ (နိုင် ၁၊ ရှုံး ၄)

ဘိုအာ့စ်(၂၀၁၁-၁၂) - ၁ ပွဲ၊ (နိုင် ၁)

ဒီမတ်တီယို(၂၀၁၂) - ၁ ပွဲ၊ (ရှုံး ၁)

ဘင်နီတက်စ်(၂၀၁၂-၁၃) - ၁ ပွဲ၊ (ရှုံး ၁)

မော်ရင်ဟို(၂၀၁၃-၁၅) - ၅ ပွဲ၊ (သရေ ၂၊ ရှုံး ၃)

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly