ပေကျင်း၊ ဇန်နဝါရီ ၂၃ ။ ။ တရုတ်နိုင်ငံက အင်တာနက်သုံးစွဲသူဦးရေသည် ကမ္ဘာတွင် အများပြားဆုံးရှိနေရာ ပြီးခဲ့သည့်နှစ် လူဦးရေ သန်း ၇၀၀ နီးပါးအထိ များပြားခဲ့ပြီး အမေရိကန်က နိုင်ငံ လူဦးရေ၏ နှစ်ဆကျော်မျှ များပြားခြင်းဖြစ်ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၂၂ ရက်က ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးကို စားသုံးသူအခြေပြုစီးပွားရေးသို့ ကူးပြောင်းလျက်ရှိရာတွင် e-commerce က အဓိကကျနေသော်လည်း အွန်လိုင်းစနစ်တွင် တင်းကျပ်စွာထိန်းချုပ်ထားဆဲဖြစ်သည်။
အာရှအကြီးဆုံးအင်တာနက်သုံးစွဲသည့် တရုတ်နိုင်ငံ၏ သုံးစွဲသူဦးရေသည် ၂၀၁၅ နှစ်ကုန်တွင် ၆၈၈ သန်းရှိရာ ယခင်နှစ်ကထက် ၃၉ ဒသမ ၅ သန်း ကျော်တက်လာခြင်းဖြစ်ကြောင်း အစိုးရ အင်တာနက်နက်ဝက်သတင်းအချက်အလက်ဌာနအရ သိရသည်။
ထိုအရေအတွက်သည် ကမ္ဘာ့လူဦးရေအများဆုံးတရုတ်နိုင်ငံ လူဦးရေ၏ ထက်ဝက်နီးပါးရှိသည့် အရေအတွက်ဖြစ်သည်။ အင်တာနက်သုံးစွဲသူများ၏ ၉၀ ရာခိုင်နှုန်းကျော်က မိုဘိုင်းဖုန်းများမှတဆင့် သုံးစွဲကြခြင်းဖြစ်ပြီး ကွန်ပြူတာဖြင့် သုံးစွဲသူဦးရေက သုံးပုံနှစ်ပုံနှင့် လက်တော့ပ်ဖြင့် သုံးစွဲသူဦးရေက ၄၀ ရာခိုင်နှုန်းနီးပါးရှိသည်။
အလီဘာဘာဦးဆောင်သော တရုတ်နည်းပညာကုမ္ပဏီတစ်ချို့သည် ပြီးခဲ့သည့်နှစ်များအတွင်း နိုင်ငံတွင် အင်တာနက်သုံးစွဲသူဦးရေ တိုးတက်များပြားလာခြင်းကြောင့် ဒေါ်လာဘီလီယံများစွာ အမြတ်အစွန်းများရရှိခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် နိုင်ငံရေးအထိအခိုက်မခံသည့် ကိစ္စရပ်များဟု ယူဆသော ဝက်ဘ်ဆိုက်များကိုလည်း တရုတ်နိုင်ငံက ပိတ်ထားခြင်းဖြစ်ပြီး လူမှုမီဒီယာသုံးစွဲမှုများကိုလည်း ကန့်သတ်ပိတ်ပင်မှုများရှိထားသည်။