မြိတ်မြို့တွင် ဆိုင်ကယ်ပေါ် လူ ၂ ဦး စီးနင်း သွားလာသူများကို စစ်ကောင်စီက အချုပ် ကားဖြင့် လိုက်လံ ဖမ်းဆီးနေ

မြိတ်မြို့တွင် ဆိုင်ကယ်ပေါ် လူ ၂ ဦး စီးနင်း သွားလာသူများကို စစ်ကောင်စီက အချုပ် ကားဖြင့် လိုက်လံ ဖမ်းဆီးနေ

မတ်လ ၂၀ ရက်

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ဆိုင်ကယ်တစ်စီးလျှင် လူနှစ်ဦး စီးနင်းသွားလာနေ သူများကို စစ်ကောင်စီတပ်ဖွဲ့က မြို့ပေါ် ရပ်ကွက် တချို့တွင် အချုပ်ကားဖြင့် လိုက်လံဖမ်းဆီး နေကြောင်း မြို့ခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက အချုပ်ကားများဖြင့် ယနေ့ မတ်လ ၂၀ ရက်နေ့တွင် မြို့ပေါ် ရပ်ကွက်များ ဖြစ်သည့် ဆိပ်ငယ် ရပ်ကွက်ရှိ နာရီစင်လမ်း၊ မြစ်ငယ်ရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်၊ ကရာနီ လမ်းဆုံနှင့် မြိတ်တောင်နယ်မြေရှိ ဘုရားကိုင်လမ်း စသည့် နေရာများတွင် ဆိုင်ကယ်တစ်စီးလျှင် လူနှစ်ဦး စီးနင်းသွားလာသူများကို တားဆီးစစ်ဆေးနေခြင်း ဖြစ်ကြောင်း မြိတ်မြို့ခံထံမှ သိရသည်။

မြိတ်မြို့ခံတစ်ဦးက“အခုမြို့ပေါ်မှာ ဆိုင်ကယ်တစ်စီးကို လူနှစ်ယောက်စီးရင် တားစစ်တော့တာပဲ၊ စစ်ဆေးနေရင်းနဲ့ မသင်္ကာတဲ့ ပုံစံဆို ဖမ်းခေါ်သွားတယ်။ သာမာန် အရပ်သား ပြည်သူတွေ ဖမ်းခံရတာ များတယ်။ သူတို့(စစ်ကောင်စီတပ်ဖွဲ့) က လက်နက်နဲ့ ခြောက်လှန့်ပြီး ဖမ်းတာတွေ လုပ်နေတာပါ”ဟု ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီက လိုက်လံ ဖမ်းဆီးနေခြင်းကြောင့် မြိတ်မြို့တွင် ပြည်သူများ အပြင်ထွက် သွားလာသူများနှင့် လမ်းသွား လမ်းလာပြည်သူများ မရှိသလောက် နည်းပါးနေကြောင်း မြို့ခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required