တရုတ်လူ့အခွင့်အရေးလှုပ်ရှားသူကို သူလျှိုမှုဖြင့် ထောင်ချ

တရုတ်လူ့အခွင့်အရေးလှုပ်ရှားသူကို သူလျှိုမှုဖြင့် ထောင်ချ

ပေကျင်း၊ ဇန်နဝါရီ ၂၃ ။             ။ တရုတ်နိုင်ငံတွင် နိုင်ငံတကာက ဝေဖန်ပြစ်တင်လျက်ရှိနေသည့် လူ့အခွင့်အရေးလှုပ်ရှားသည့် ရှေ့နေများကို ဖြိုခွင်းလျက်ရှိနေရာ လူသိများသည့် အခွင့်အရေး လှုပ်ရှားသူတစ်ဦးကို နိုင်ငံခြားအတွက် ထောက်လှမ်းရေးလုပ်ဆောင်ပေးခြင်းအပါအဝင် နိုင်ငံတော်လုံခြုံရေးပြစ်မှုဖြင့် တရားရုံးက ထောင်ဒဏ် ၁၉ နှစ် ချမှတ်ထားသည်။

ပြဿနာပွေလီရာ အနောက်ပိုင်း ရှင့်ကျန်းဒေသတွင် အခြေချသည့် ကျန်ဟီတောင်သည် အာဏာရကွန်မြူနစ်ပါတီအား အွန်လိုင်းတွင် ဝေဖန်မှုများ ရေးသားနေသူဖြစ်ပြီး နိုင်ငံတော်အာဏာအား ဖျက်ဆီးရန် လှုံ့ဆော်ခြင်းနှင့် ပြည်ပအတွက် ထောက်လှမ်းရေးလုပ်ပေးနေခြင်းတို့ဖြင့် ထောင်ချခံရခြင်းဖြစ်ကြောင်း ၎င်း၏ ရှေ့နေ လီဒန်ယွန်က ဖုန်းဖြင့်ပြောကြားသည်။

“ပြစ်ဒဏ်ကတော့ အလွန်ပဲပြင်းထန်ပါတယ်။ ဒါပေမယ့် နိုင်ငံအတွင်းမှာက ဒါက သာမန်ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပါတယ်။”ဟု ၎င်းက ပြောသည်။

တရားရုံးသို့ ဆက်သွယ်မေးမြန်းသော်လည်း ထင်မြင်ချက်ပေးခြင်းမရှိပေ။

ဒုတိမြောက် တက်ကြွလှုပ်ရှားသူ လီကျင်းဆိုသူလည်း ထိုင်းသို့ နိုင်ငံရေးခိုလှုံရန် ကြိုးစားရန် လာအိုထွက်ခွာသွားရာတွင် ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော်ရှိပြီဖြစ်ကြောင်း ၎င်း၏ ဇနီးဖြစ်သူက ပြောသည်။

လီသည် အစိုးရနှင့် ဖက်စပ်သတင်းစာတွင် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ဇန်နဝါရီ ၁ ရက်က အိန္ဒိယမှ ထိုင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ လာအိုသို့ သွားရန် ရထားပေါ်တက်သွားခဲ့ခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ရှီက ပြောသည်။

“သူ ပျောက်သွားတယ်လို့ သတင်းပဲ ကြားလိုက်ရတော့ ကျွန်မ တုန်လှုပ်ခြောက်ခြားရတယ်။ သူအန္တရာယ် ကြုံနေရပြီထင်တယ်။ ဖမ်းခံရတာဖြစ်ဖို့များတယ်။”ဟု ၎င်းက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly