တရုတ်လုပ်ကိုင်သည့် စီးပွားရေးဇုန်တွင် ပိတ်မိနေသော အမျိုးသမီးများကို လာအိုအာဏာပိုင်များ ကယ်တင်

တရုတ်လုပ်ကိုင်သည့် စီးပွားရေးဇုန်တွင် ပိတ်မိနေသော အမျိုးသမီးများကို လာအိုအာဏာပိုင်များ ကယ်တင်

လာအိုနိုင်ငံ အနောက်မြောက်ပိုင်းရှိ ရွှေတြိဂဒေသ အထူးစီးပွားရေးဇုန်(SEZ) တွင် ပိတ်မိနေသည့် အမျိုးသမီး ၁၀ ဦးကျော်ကို ရဲတပ်ဖွဲ့က ကယ်တင်လိုက်သည်။

အဆိုပါ အမျိုးသမီးသည် ၎င်းတို့၏ သဘောဆန္ဒမပါဘဲ ထိန်းသိမ်းခံခဲ့ရပြီး အချို့ကို ပြည့်တန်ဆာများအဖြစ် အတင်းအဓမ္မစေခိုင်းခံခဲ့ရသည်။

အမျိုးသမီးများက ရဲများထံ သတင်းပို့ တိုင်ကြားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၅ နှင့် ၆ ရက်တို့တွင် ၎င်းတို့ကို နယ်မြေအရာရှိများက ကယ်တင်ခဲ့ပြီး အခြား ၈ ဦးသည် ဇန်နဝါရီ ၂၀ က ခြံစည်းရိုးကို ဖြတ်ကာ ထွက်ပြေး လွတ်မြောက်လာခဲ့ကြခြင်း ဖြစ်သည်။

ရင်းနှီးမြှုပ်နှံသူများကို ခေါ်ယူရန် အွန်လိုင်းမှ ပြောဆိုပေးရသည့်အလုပ်၊ အရက်ဘားများတွင် လုပ်ရမည့် အလုပ်များကို ခေါ်ယူခဲ့သည့်အတွက် အဆိုပါ မိန်းကလေးများသည် SEZ သို့ သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့ မနေ့က အမျိုးသမီး ၃ ဦးကို ကယ်တင်ခဲ့ပြီး ရှေ့တစ်နေ့ကလည်း အခြား ၃ ဦးကို ကယ်တင်ခဲ့ပါတယ်။ ဒီ အမျိုးသမီး ၆ ဦးက ကျွန်တော်တို့ဆီကို တရားဝင် အကူအညီတောင်းခဲ့တဲ့အတွက် ကျွန်တော်တို့ SEZ ကို သွားပြီး ကယ်ထုတ်ခဲ့တာပါ။ သူတို့အများစုက အွန်လိုင်းကနေ စကားပြောရတဲ့အလုပ်နဲ့ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးရတဲ့ အလုပ်တွေကို လုပ်ခဲ့ကြပါတယ်” ဟု SEZ တည်ရှိသည့် ဘိုကီအိုပြည်နယ်မှ ရဲအရာရှိတစ်ဦးက မတ် ၁၄ ရက်တွင် ပြောကြားသည်။

လာအို အမျိုးသမီး အလုပ်သမားများကို SEZ တွင် ထိန်းသိမ်းထားခြင်းသည် ထူးခြားသည့် အသစ်အဆန်း မဟုတ်ပေ။ ၂၀၂၁ ခုနှစ်အတွင်းက ရွှေတြိဂဒေသ SEZ မှ အမျိုးသမီး ၄၀ မှ ၅၀ အထိ ရဲတပ်ဖွဲ့က ကယ်ထုတ်ပေးခဲ့ရပြီး အများစုသည် လာအိုမြို့တော် ဗီယန်ကျင်းမှ ဖြစ်သည်။

ဘိုကီအိုပြည်နယ် SEZ တွင် နောက်ထပ် အမျိုးသမီး ရာပေါင်းများစွာကို ၎င်းတို့၏ အလုပ်ရှင်များက သွားလာခွင့်မပေးသောကြောင့် ၎င်းတို့အနေဖြင့် လွတ်မြောက်ချင်ကြကြောင်း အာဏာပိုင်များနှင့် လွတ်မြောက်လာသူ လာအိုအမျိုးသမီးများက ပြောကြားသည်။

သိုသော် ယင်းနေရာသည် တရုတ်တို့ လုပ်ကိုင်နေသည့် နေရာဖြစ်သောကြောင့် လာအိုအစိုးရက လုပ်ကိုင်ခွင့်များစွာမရှိဘဲ အာဏာပိုင်များအနေဖြင့် လွယ်ကူစွာ ဝင်ရောက်နိုင်ခြင်းမရှိပေ။

“အဲဒီနေရာကို တရုတ်တွေပိုင်တာကြောင့် လက်တွေ့မှာတော့ ကျွန်တော်တို့အနေနဲ့ SEZ ကို ဝင်ရောက်ဖို့ ခက်ခဲပါတယ်။ အပြင်လူတွေ ဝင်ခွင့်မရှိဘူး။ သူတို့ကို ကယ်လို့ရအောင် အဲဒီအမျိုးသမီးတွေ၊ သူတို့မိဘတွေနဲ့ ဆွေမျိုးတွေက ကျွန်တော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်မှ ရမှာပါ” ဟု ဘိုကီအိုပြည်နယ်အရာရှိတစ်ဦးက ပြောကြားသည်။

အမျိုးသမီးအချို့က ယင်းကဲ့သို့ ဆက်သွယ်ကာ ရဲများထံ အကူအညီတောင်းခံခဲ့သည်။

အဆိုပါနေရာမှ လွတ်မြောက်လာခဲ့သူ ဗီယန်ကျင်းမြို့မှ အမျိုးသမီး ၂ ဦးအနက် ၁ ဦးက သူမနှင့် သူမ၏ အဖော်တို့သည် အရက်ဘားများတွင် အလုပ်လုပ်ရန် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလလယ်ပိုင်းက SEZ သို့ သွားခဲ့သော်လည်း နောက်ဆုံးတွင် ပြည့်တန်ဆာလုပ်ရန် အတင်းအဓမ္မစေခိုင်းခံခဲ့ရကြောင်း RFA သို့ ပြောကြားသည်။

သူတို့သည် ဘိုကီအိုပြည်နယ် အထူးတပ်ဖွဲ့မှ အာဏာပိုင်များထံ အကူအညီတောင်းခဲ့သည့်အခါ ထွက်ပြေးရန် ဖြစ်နိုင်သည့် အတိုဆုံးလမ်းကြောင်းကို အကြံပြုခဲ့ကြောင်းလည်း အဆိုပါ အမျိုးသမီးက RFA သို့ မတ် ၁၄ ရက်က ပြောကြားခဲ့သည်။

အနီးဝန်းကျင်၌ တစ်စုံတစ်ဦးမှ မရှိသည့် တစ်ညတွင် ၎င်းတို့ ၂ ဦးသည် ထိန်းသိမ်းထားသည့် အဆောက်အအုံ၏ မြေညီထပ်သို့ ဆင်းခဲ့ကာ လက်နှိပ်မီးဖြင့် အချက်ပြနေသည့် အထူးတပ်ဖွဲ့ဝင် ၂ ဦးစောင့်နေသော ခြံစည်းရိုးသို့ ပြေးသွားခဲ့သည်။ တာဝန်ရှိသူများက ရဲများကို ချက်ခြင်းခေါ်လိုက်ပြီး ၎င်းတို့အား မေးမြန်းမှုများ ပြုလုပ်ကာ ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

“ကျွန်မတို့ ထွက်ပြေးလာတုန်း မိရင် သေမှာ” ဟု အမည်မဖော်ပြသည့် အမျိုးသမီးက ပြောကြားသည်။

၎င်းတို့သည် SEZ တွင် အလုပ်လုပ်နေစဉ်အတွင်း ငွေလုံးဝမရရှိကြောင်း ရဲများကို ပြောကြားသည်။

“ရဲတွေက ကျွန်မတို့ရဲ့ ထွက်ဆိုချက်တွေကို လက်မှတ်ထိုးစေပြီး မြို့တော် ဗီယန်ကျင်းကို ရထားနဲ့ တင်ပို့လိုက်တယ်” ဟု အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ဘားများတွင် အလုပ်လုပ်ကိုင်နေသူ အခြား အမျိုးသမီး ၆ ဦးသည်လည်း အဆိုပါည၌ပင် အခြား အဆောက်အအုံတစ်ခုမှ ထွက်ပြေးလာကာ ၎င်းတို့ကိုလည်း အထူးတပ်ဖွဲ့က ကယ်တင်လိုက်ကြောင်း သူမက ပြောကြားသည်။

အမျိုးသမီးများအား အလုပ်ခေါ်သူများက SEZ တွင် စားသောက်နေထိုင်စရိတ်ငြိမ်းရမည်ဟု ကတိ ပေးခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ အိမ်တစ်လုံး တွင် ထိန်းသိမ်းကန့်သတ်ထားခဲ့ကြောင်း ယင်းအမျိုးသမီးများက ပြန်လည်ပြောပြသည်ဟု ဗီယန်ကျင်းမှ အမျိုးသမီးတစ်ဦးက RFA သို့ ပြောကြားသည်။

သို့သော် အလုပ်သို့ ၎င်းတို့ရောက်ရှိချိန်တွင် အလိမ်ခံရကြောင်း သိရှိလိုက်သည်။ အခမဲ့ နေထိုင် စားသောက်ရမည့်အစား တစ်ဦးလျှင် ယွမ် ၂၀၀၀၀ စီ (ဒေါ်လာ ၃၀၅၀) စီ တရုတ်အလုပ်ရှင်သို့ ပေးရမည်ဟု ၎င်းတို့ကို ပြောကြားသည်ဟု အဆိုပါ အမျိုးသမီးက ပြောကြားသည်။

ပစ္စုပ္ပန်ငရဲမှ လွတ်မြောက်သဖြင့် ပျော်ရွှင်ခြင်း

အမျိုးသမီးအများအပြားအား SEZ သို့ ခေါ်ယူရာတွင် အွန်လိုင်းမှ ပြောဆိုရမည့် မိန်းကလေးများအဖြစ်လည်းကောင်း၊ Line၊ WhatsApp နှင့် Facebook မက်ဆင်ဂျာများကဲ့သို့

အပလီကေးရှင်းများတွင် ကာစီနိုလာကစားသူများအား စာပေးပို့ခြင်း အလုပ်များဖြင့်လည်းကောင်း ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ သူတို့အနေဖြင့် ခက်ခဲသည့် သတ်မှတ်အရောင်းပမာဏကို ပြည့်မှီအောင် မလုပ်ဆောင်နိုင်ပါက နေထိုင် စားသောက်စရိတ်အတွက် အကြွေးများ တင်သွားရသည်။

အွန်လိုင်းမှ စကားပြောရသူအဖြစ် SEZ တွင် လုပ်ကိုင်ခဲ့သူ လူအန်နမ်သာ ပြည်နယ်မှ အမျိုးသမီးတစ်ဦးက သူမရှိသည့်နေရာကို အာဏာပိုင်များအား ပေးပို့ပြီးနောက် ၎င်းတို့က လာရောက်ကယ်တင်ခဲ့ကြောင်း RFA သို့ ပြောကြားသည်။

“ပစ္စုပ္ပန်ငရဲက လွတ်မြောက်လာရလို့ ပျော်ရွှင်ပါတယ်” ဟု အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။

သူမ၏ အလုပ်သည် နိုင်ငံခြားသား အမျိုးသားဖောက်သည်များကို လိမ်လည်ရကြောင်း၊ ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံပါက အကျိုးအမြတ်များစွာ ရရှိနိုင်သည်ဟု ပြောဆိုရကြောင်း၊ အမှားအယွင်း တစ်စုံတစ်ရာ လုပ်မိပါက အလုပ်ရှင်က ဒဏ်ငွေအဖြစ် ယွမ် ၂၀၀ မှ ၂၀၀၀ အထိ ရိုက်ကြောင်းလည်း ပြောသည်။

အဆိုပါ အမျိုးသမီးက အလုပ်ကို ၆ လစာချုပ်ချုပ်ခဲ့သော်လည်း တစ်လအကြာတွင် အလုပ်ထုတ်ပစ်ကာ ကုန်ကျစရိတ်အမျိုးမျိုးအတွက် ပေးရမည့် ယွမ် ၂၈၀၀၀ ကို အကြွေး မပေးနိုင်ခဲ့ပေ။ ယခုအခါ သူမသည် လူအန်နမ်သာပြည်နယ်တွင် မိသားစု ကုန်စုံဆိုင်လေး ဖွင့်နေပြီ ဖြစ်သည်။

ကယ်တင်ခံခဲ့ရသည့် အမျိုးသမီး ၃ ဦးနှင့် RFA တို့ ဇန်နဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ၎င်းတို့ အကြွေးကို မဆပ်နိုင်သည့်အခါ ပြည့်တန်ဆာအတင်းအဓမ္မ လုပ်ခိုင်းခဲ့ကြောင်း ပြောကြားသည်။

“အစတုန်းက တစ်နေ့ကို ထမင်း ၃ နပ် အလကားကျွေးမယ်။ စရိတ်ငြိမ်းနေခွင့်ပြုမယ်ဆိုပြီး ပြောခဲ့တယ်။ တကယ်ကျတော့ အဲဒီလိုမဟုတ်တော့ဘူး။ ကျွန်မတို့ စားစရိတ်၊ နေစရိတ်တွေကို ကျွန်မတို့ ပေးရတယ်” ဟု ခမ်မူအိန်းပြည်နယ်မှ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

မကြာသေးမီက အူဒုံဇေပြည်နယ်ရှိ မိသားစုထံပြန်ရောက်လာသည့် အခြားအမျိုးသမီးတစ်ဦးကလည်း သူမ၏ နိုင်ငံသား စိစစ်ရေးကဒ်များနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး မှတ်တမ်းများကို ဓာတ်ပုံရိုက်ထားမိခြင်းကြောင့် ကံကောင်းကြောင်း ပြောသည်။ အဆိုပါ အထောက်အထားများကို သူမက အာဏာပိုင်များထံ အကူအညီတောင်းသည့်အခါ ပေးပို့ခဲ့သည်။

“SEZ ထဲက ကျွန်မအလုပ်လုပ်နေတဲ့ ကုမ္ပဏီနဲ့ အဆောက်အအုံတည်နေရာကို အသေးစိတ်ပေးပို့ခဲ့တယ်” ဟု လည်း သူမက ပြောသည်။

လူအန်ပရာဘန်ပြည်နယ်မှ အမျိုးသမီးတစ်ဦးကလည်း အလားတူ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

များသောအားဖြင့် တရုတ်လုပ်ငန်းရှင်တို့၏ မိန်းမများက အလုပ်ပွဲစားများ ဖြစ်သောကြောင့် အကြွေးလိုက်တောင်းမည်ကို စိုးရိမ်ထိတ်လန့်နေဆဲ ဖြစ်ကြောင်း အမျိုးသမီးများက ပြောသည်။

ခမ်မူအိန်းပြည်နယ်မှ အမျိုးသမီးက ကြားပွဲစားက သူမထံ ဖုန်းဆက်လာရာတွင် “နင် အလုပ်က ထွက်ပြေးသွားနိုင်ပေမယ့် အကြွေးတင်နေတာကိုတော့ မလွတ်နိုင်ဘူး” ဟု ပြောကြားသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly