လာအိုအမျိုးသမီး ရာပေါင်းများစွာ တရုတ်၏ အထူးစီးပွားရေးဇုန်တွင် အကြွေးထောင်ချောက်အတွင်း ပိတ်မိနေ

လာအိုအမျိုးသမီး ရာပေါင်းများစွာ တရုတ်၏ အထူးစီးပွားရေးဇုန်တွင် အကြွေးထောင်ချောက်အတွင်း ပိတ်မိနေ

လာအိုနိုင်ငံ၏ တရားဝင် အမျိုးသမီးသမဂ္ဂ၏ အဖွဲ့ဝင်များက ၎င်းတို့နိုင်ငံတွင် အမျိုးသမီးများသည် တန်းတူညီမျှ အခွင့်အရေးမရရှိသလို ခေါင်းပုံဖြတ်ခြင်း၊ အကြမ်းဖက်ခြင်းနှင့် လူကုန်ကူးမှုများကို ကြုံတွေ့ခံစားနေရကာ တရုတ်နိုင်ငံက လာရောက်လုပ်ကိုင်သည့် အထူးစီးပွားရေးဇုန်တွင် အများဆုံးဖြစ်ပွားကြောင်း နေကြောင်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ပြောကြားလိုက်သည်။

လာနိုင်ငံမြောက်ပိုင်း ဘိုကီအိုပြည်နယ်ရှိ ရွှေတြိဂံဒေသအထူးစီးပွားရေးဇုန် (SEZ) တွင် ဝင်ငွေကောင်းသည် ဆိုသော အလုပ်များကို ဆင်းရဲမွဲတေမှုကြောင့် လာရောက်ရှာဖွေလျက်ရှိကြသည်။ တရုတ်နို်ငငံသားပိုင် Kings Romans ကာစီနိုလုပ်သည့် အဆိုပါ SEZ တွင် တရားမဝင် မူးယစ်ဆေးဝါးလုပ်ငန်း၊ လူနှင့် တောရိုင်း တိရစ္ဆာန်များ မှောင်ခိုကူးခြင်းတို့ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားလျက်ရှိသည်။

အဆိုပါ SEZ ရှိ စီးပွားရေး လုပ်ငန်းများက လာအိုအမျိုးသမီးများကို ဘားဆိုင်များအတွက်လည်းကောင်း၊ သက်ဆိုင်ရာ ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပါက အကျိုးအမြတ်များစွာ ရရှိစေမည်ဟု ဝက်ဘ်ဆိုက် အပလီကေးရှင်းများဖြစ်သည့် Line၊ WhatsApp ၊ Facebook Messenger တို့မှတစ်ဆင့် ပြောဆိုစွဲဆောင်ရန ်အတွက်လည်းကောင်း အလုပ်ခေါ်ယူထားသည်။ ယင်းမိန်းကလေးများအနေဖြင့် ဖြစ်နိုင်ရန် ခက်ခဲသော အရောင်းပမာဏကို သတ်မှတ်ခွဲပေးထားပြီး အရေအတွက် မပြည့်ပါက ၎င်းတို့၏ စားသောက်နေထိုင် စရိတ်အတွက် အကြွေးများ တင်ကြရသည်။

“ကျွန်မတို့ရဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ ခေါင်းပုံဖြတ်၊ အနိုင်ကျင့်ခံရပြီး လူကုန်ကူးခံရတာတွေ ရှိပါတယ်။ သူတို့ဟာ ဆင်းရဲပြီး ပညာမတတ်တဲ့ မိသားစုတွေဖြစ်သလို အန္တရာယ်ကို မသိမထားမိကြဘဲ ရောင်းစားခံကြရတယ်” ဟု အုဒန်ဇေပြည်နယ်ရှိ နိုမိုခရိုင်မှ လာအိုအမျိုးသမီး သမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အမျိုးသမီးများ အနေဖြင့် အကြွေးမဆပ်နိုင်သည့်အခါ ပြည့်တန်ဆာလုပ်ငန်းသို့ ထည့်သွင်းခံရသလို ၎င်းတို့၏ သဘောထားနှင့် ဆန့်ကျင်၍ အလုပ်ရှင်များက ထိန်းသိမ်းထားကြသည်။ တရုတ်တို့လုပ်ကိုင်နေသည့် အဆိုပါ

SEZ သည် လာအိုအစိုးရ၏ အုပ်ချုပ်မှုနှင့် များစွာ ကင်းကွာနေခြင်းကြောင့် နယ်မြေအာဏာပိုင်များ ယင်းနေရာသို့ အလွယ်တကူမလာရောက်နိုင်ကြောင်းလည်း အလုပ်ရှင်များက သိရှိထားသည်။ မိန်းကလေးများအနေဖြင့် ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံထားရခြင်းမရှိသလို ကာကွယ်ဆေး ထိုးထားပြီး ဖြစ်သော်လည်း အဆိုပါ ကပ်ရောဂါကို အကြောင်းပြကာ အလုပ်ရှင်များက ၎င်းတို့ကို ထိန်းသိမ်းထားသည်။

“လွန်ခဲ့သည့် ၂ နှစ်အတွင်း သို့မဟုတ် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လာအိုနိုင်ငံသားအများအပြားသည် အလုပ်အကိုင်များ ဆုံးရှုံးခဲ့သလို လွန်ခဲ့သည့် ၅ လအတွင်း ၎င်းတို့အနက် အထူးသဖြင့် အမျိုးသမီး အများစုဖြစ်သည့် ရာပေါင်းများစွာသော လာအိုနိုင်ငံသားများသည် ရွှေတြိဂံဒေသ SEZ တွင် စားသောက်နေထိုင် စရိတ်ငြိမ်းဖြင့် ဝင်ငွေကောင်းသည့် အလုပ်ရမည်ဆိုသော အွန်လိုင်းကြော်ငြာများဖြင့် စွဲဆောင်ခံခဲ့ရပြီးနောက် ယင်းအလုပ်များကို လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်” ဟု ဗဟိုအစိုးရအဆင့်ရှိ လာအိုအမျိုးသမီးများ အဖွဲ့ချုပ်မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“တကယ့်လက်တွေ့မှာတော့ ဆန့်ကျင်ဘက်တွေ ဖြစ်ခဲ့ပါတယ်။ အမျိုးသမီးအများအပြားကို လိင်လုပ်သားအဖြစ် ရောင်းစားခံခဲ့ရတယ်။ ခုချိန်ထိ အမျိုးသမီး ၁၉ ဦးထက်မနည်းကို SEZ ကနေ ကယ်တင်ထားရတယ်” ဟုလည်း အဆိုပါ အဖွဲ့ဝင်က ပြောကြားသည်။

အာဏာပိုင်တို့၏ အကူအညီကို တောင်းခံခဲ့ပြီး ၎င်းတို့၏ သက်သေခံ အထောက်အထားများကို ပြသနိုင်ခဲ့သည့်အခါမှသာ ယင်းအမျိုးသမီးများကို ယခုနှစ်အစောပိုင်းတွင် ခရိုင်အထူးတပ်ဖွဲ့ဝင်များက ကယ်တင် နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် SEZ အတွင်း အလုပ်ရှင်တို့၏ လက်ထဲတွင် ရာပေါင်းများစွာ ကျန်ရှိနေသေးကာ ၎င်းတို့အနေဖြင့် လာအိုအာဏာပိုင်များထံ အကူအညီတောင်းခံထားသော်လည်း လွတ်မြောက်ရန် ကြိုးပမ်းနေရဆဲ ဖြစ်ကြောင်း ယင်းနေရာမှ လွတ်မြောက်လာသည့် အမျိုးသမီးများက ပြောသည်။

လှပသော မိန်းကလေးများ အလိုရှိသည်

အဆိုပါ SEZ တွင် နေခဲ့ရသည့် အမျိုးသမီးများအနက် လူအန်ပရာဘန်ပြည်နယ်မှ အသက် ၂၂ အရွယ် မိန်းကလေးတစ်ဦးက သူမနှင့် ညီမဖြစ်သူတို့သည် ‘ချောမောသည့် မိန်းကလေးများ၊ အသက် ၁၈ နှင့် ၃၅ နှစ်အကြား အမျိုးသမီးများ အလိုရှိသည်။ တရုတ်၊ လာအို၊ ထိုင်း၊ အင်္ဂလိပ် ဘာသာစကားများကို

ပြောဆိုနိုင်ရမည်။ လစာငွေ ယွမ် ၅၀၀၀ (ဒေါ်လာ ၇၆၇) အထိ ရရှိနိုင်မည်’ ဆိုသော ကြော်ငြာတစ်ခုကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက တွေ့ပြီး အလုပ်လျှောက်လိုက်သည်။

ထိုလ၌ပင် SEZ တွင် အွန်လိုင်းမှ ပြောဆိုဖြေကြားရသည့် အလုပ်အတွက် အစပိုင်းတွင် ခေါ်ယူလိုက်သည်။ သူတို့အနေဖြင့် လုပ်ငန်းတာဝန်များကို မဆောင်ရွက်နိုင်သည့်အခါ ၂ ပတ်အကြာတွင် သူတို့ကို ပြည့်တန်ဆာ အိမ်တစ်အိမ်သို့ ရောင်းစားခံခဲ့ရကြောင်း အဆိုပါ မိန်းကလေးက ပြောသည်။

“ကျွန်မတို့အပြင် အခြား လာအိုအမျိုးသမီး အများအပြားလည်း လိမ်ညာခံခဲ့ရပါတယ်။ ကျွန်မတို့ကို အကူအညီပေးဖို့နဲ့ ကယ်တင်ဖို့ ဖေဖော်ဝါရီ ၉ ရက်ကစပြီး ရက်သတ္တပတ်အတော်ကြာအောင် အာဏာပိုင်တွေဆီမှာ တောင်းဆိုခဲ့ကြပါတယ်” ဟုလည်း ၎င်းက ပြောသည်။

ဘိုကီအို ပြည်နယ် အထူးတပ်ဖွဲ့အား ဖေ့စ်ဘွတ်မှတစ်ဆင့် အကြိမ်များစွာ အကူအညီတောင်းခဲ့ပြီး ဖုန်းနံပါတ်လည်း ပေးခဲ့သလို ဖုန်းဆက်ပေးရန် စာဖြင့်လည်း တောင်းဆိုခဲ့ကြောင်း သူမက ပြောသည်။

“သူတို့ မကူညီခဲ့ပါဘူး။ ကျွန်မတို့ ခုချိန်ထိ စောင့်နေပါသေးတယ်”

“အာဏာပိုင်တွေ ပထမဆုံးအကြိမ် စတင်ဆက်သွယ်ပြီးနောက်ပိုင်း ရွှေတြိဂံ SEZ ကနေ နောက်ထပ် အမျိုးသမီး ၃၀ ကျော် ကျွန်မဆီကို ထပ်ရောက်လာပြီး အကူအညီ ဘယ်လိုတောင်းရမယ်ဆိုတာ ကျွန်မကို မေးပါတယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို ကျွန်မသူတို့ကို ပေးလိုက်ပါတယ်။ ခုချိန်ထိတော့ ဘယ်သူမှ အကူအညီမရသေးဘူး။ အာဏာပိုင်တွေဆီက ကယ်တင်ဖို့အကူအညီကတော့ မျှော်လင့်ချက် ပျောက်ဆုံးနေပါပြီ” ဟု အဆိုပါ အမျိုးသမီးက ပြောကြားသည်။

သူတို့ ညီအစ်မ နှစ်ဦးတွင် အစားစာဝယ်ရန် ငွေမရှိတော့ကြောင်းလည်း ၎င်းက ပြောသည်။ အာဏာပိုင်များထံ အကူအညီပေးရန် တောင်းခံသော်လည်း ပြန်လည်မတုံ့ပြန်ခဲ့ကြောင်း အဆိုပါ အမျိုးသမီးက မိခင်ဖြစ်သူကို ပြောကြားခဲ့သော်လည်း သူ့မိခင်ကလည်း ဘာလုပ်ရမည်ကို မသိပေ။

“ကျွန်မတို့ ညီအစ်မနှစ်ယောက် ငိုရတာပေါ့။ စိတ်ရှည်ဖို့နဲ့ အလုပ်ရှင်စကားကို နားထောင်ဖို့ပဲ အမေက ကျွန်မတို့ကို ပြောတယ်။ ကျွန်မက ဘယ်လိုလုပ် နားထောင်ရမှာလဲ။ သူက ကျွန်မတို့ကို ပြည့်တန်ဆာလုပ်ဖို့ပဲ တွန်းအားပေးနေတာလေ”

“လာတဲ့သူတွေကို မဆက်ဆံဘူးဆိုရင် ကျွန်မတို့ ဆူပူကြိမ်းမောင်းခံရလိမ့်မယ်။ ကျွန်မတို့နဲ့ ဒီလိုအလုပ်မျိုးက မထိုက်တန်ပါဘူး။ ကျွန်မတို့ နေရာ ညပါမကဘဲ ဓမ္မတာလာတဲ့အချိန်၊ နေမကောင်းတဲ့ အချိန်မှာတောင် ဒီအလုပ်လုပ်ဖို့ ဖိအားပေးတယ်” ဟု လည်း သူမက ပြောသည်။

အကြွေးဆပ်ရန် အလုပ်

ရှာရာဘူရီပြည်နယ်မှ အသက် ၂၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကလည်း SEZ တွင် သူမ၏ အသက် ၂၃ နှစ်အရွယ် ညီမဖြစ်သူနှင့် ပိတ်မိနေသည်မှာ ၃ လကျေုာ် ကြာမြင့်ပြီ ဖြစ်သည်။ သူတို့အနေဖြင့် နေရပ်သို့ ပြန်လိုကြောင်း အာဏာပိုင်များထံ အကြိမ်မရေမတွက်နိုင်အောင် ဆက်သွယ်ခဲ့ကြောင်း ပြောကြားသည်။

“ကျွန်မတို့ ဒီမှာ ကြာကြာနေလေ အကြွေးတင်လေ ဖြစ်မှာကြောင့် ဆက်မနေချင်တော့ဘူး။ ကျွန်မတို့ ဘာမှလည်း လုပ်လို့မရဘူး။ ဘယ်မှလည်း သွားလို့မရဘူး။ ဥပမာ ကျွန်မတို့ အပြင်ကို စားစရာသွားဝယ်ရင် ဒဏ်ရိုက်ခံရတယ်။ ဆက်နေရင် ငွေလည်းရှာလို့မရဘူး။ အကြွေးဆပ်ဖို့ အလုပ်လုပ်ရတာ ဖြစ်နေပြီ”

အလုပ်ရှင်ထံ အကြွေး ယွမ် ၁၆၄၀၀ (ဒေါ်လာ ၂၅၁၆) ပေးရန် ရှိသည့် အမျိုးသမီးတစ်ဦးကလည်း မည်သည့် အတွက်ကြောင့် အကြွေးများတင်နေရကြောင်းကို အလုပ်ရှင်အား မေးသည့်အခါ ကိုဗစ်-၁၉ စစ်ဆေးခြင်းနှင့် သွေးစစ်ခြင်းတို့အတွက် ကုန်ကျစရိတ်ဖြစ်သည်ဟု သူမကို ပြန်လည်ပြောကြားခဲ့သည်။

သူမ၏ ညီမဖြစ်သူကလည်း အစားအစာဝယ်ရန် အပြင်သွားသောကြောင့် အခန်းတွင်း အကြိမ်များစွာ ပိတ်လှောင်ခံခဲ့ရကြောင်း RFA သို့ ပြောသည်.

“ကျွန်မက ထွက်ပြေးဖို့ ကြိုးစားခဲ့တာလို့ အလုပ်ရှင်က ပြောတယ်”

အမျိုးသမီးများ SEZ တွင် မနေချင်တော့ဘဲ ပိတ်မိနေသည့် အကြောင်းအား ဖေဖော်ဝါရီလနှောင်းပိုင်းတွင် RFA က ဘိုကီအို ပြည်နယ်၏ အထူးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းသည့်အခါ ၎င်းတို့၏ ဖုန်းနံပါတ်များကို ပေးရန် အရာရှိတစ်ဦးက ပြောကြားသည်။ သူ၏ ဖုန်းနံပါတ်ကိုလည်း အဆိုပါအမျိုးသမီးများကို ပေးပြီး အကူအညီတောင်းခံနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

အဆိုပါ အထူးစီးပွားရေးဇုန်ရှိသည့် ဘိုကီအိုပြည်နယ်၏ တွန်ဖယ်အွန်ခရို်င ရဲတပ်ဖွဲ့သို့ RFA က ဆက်သွယ်သည့်အခါ အမျိုးသမီးများအား ဌာန၏ ဖုန်းနံပါတ်ကို ပေးရန်နှင့် ၎င်းတို့ မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို လမ်းညွှန်ပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

“ကျွန်တော်တို့ ခရိုင်မှာ ဒီလိုအမျိုးသမီးတွေကို ကယ်တင်ဖို့ အထူးတပ်ဖွဲ့ရှိပါတယ်” ဟု တွန်ဖယ်အွန်ခရို်င၏ လာအိုအမျိုးသမီးများ သမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ကျွန်မအခုပဲ ဒီအဖွဲ့ကို ဖုန်းဆက်ပြီး အမျိုးသမီးတွေဆီကို ဆက်သွယ်ဖို့ ပြောမယ်“

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly