အာဖဂန်နစ္စတန် သမ္မတဟောင်း ဟာမစ် ကာဇိုင်း နိုင်ငံပြင်ပထွက်ခွာခွင့် ပိတ်ပင်ခံထားရ

By Khaama
20 March 2022
အာဖဂန်နစ္စတန် သမ္မတဟောင်း ဟာမစ် ကာဇိုင်း နိုင်ငံပြင်ပထွက်ခွာခွင့် ပိတ်ပင်ခံထားရ

အာဖဂန်နစ္စတန် သမ္မတဟောင်း ဟာမစ် ကာဇိုင်းက လက်ရှိအချိန်တွင် ၎င်းအနေဖြင့် နိုင်ငံကနေ ပြည်ပသို့ ထွက်ခွာနိုင်ခြင်း မရှိဘဲ ခရီးသွားလာခွင့် ပိတ်ပင်ကန့်သတ်ခံထားရသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အာဖဂန်အမျိုးသားရင်ကြားစေ့ရေးကောင်စီ အကြီးအကဲဟောင်း အဗ္ဗဒူလာ အဗ္ဗဒူလာသည်လည်း လက်ရှိအချိန်တွင် ၎င်းနည်းတူ ပြည်ပသို့ ထွက်ခွာနိုင်ခြင်း မရှိကြောင်း ကာဇိုင်းက ပြောခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်က အီရန်၏ Alalam TV နှင့် တွေ့ဆုံသည့် အင်တာဗျူးတစ်ခု၌ ဟာမစ် ကာဇိုင်းက ပြောကြားရာတွင် ၎င်းနှင့် အဗ္ဗဒူလာအဗ္ဗဒူလာ တို့အနေဖြင့် ကဘူးလ်မြို့၌ သွားလာရာတွင် မည်သည့်ပြဿနာမှ မရှိသော်လည်း နိုင်ငံပြင်ပသို့ ထွက်၍တော့မရကြောင်း ပြောခဲ့သည်။

ဟာမစ် ကာဇိုင်းနှင့် အဗ္ဗဒူလာ အဗ္ဗဒူလာ တို့သည် ပြီးခဲ့သည့် ၇လနီးပါးအတွင်း ပြည်ပသို့ ထွက်ခွာထားခဲ့ခြင်း မရှိပေ။

“အဗ္ဗဒူလာ အဗ္ဗဒူလာနဲ့ ကျွန်တော်ဟာ ကဘူးလ်မြို့ထဲမှာ လှည့်လည် သွားလာနိုင်ပါတယ်။ နေ့စဉ် လူအများအပြားကလည်း ကျွန်တော်တို့ဆီ လာတွေ့ကြပါတယ်။ ဒါပေမယ့် ပြည်ပ ခရီးသွားဖို့ကတော့ အခက်အခဲတွေ ရှိနေပါတယ်” ဟု ကာဇိုင်းက ပြောသည်။

ကာဇိုင်းနှင့် အဗ္ဗဒူလာ အဗ္ဗဒူလာ တို့ နေအိမ်အကျယ်ချုပ် ချခံထားရသည်ဆိုသည့် သတင်းများ အစောပိုင်းက ထွက်ပေါ်ခဲ့သော်လည်း ယင်းနှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ သက်ဆိုင်ရာက တရားဝင် အတည်ပြုထားခြင်း မရှိပေ။

အာဖဂန်နစ္စတန်တွင် ယမန်နှစ် ဩဂုတ်လ ၁၅ ရက်က တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း ယခင်အစိုးရ အရာရှိဟောင်းများနှင့် နိုင်ငံရေးသမား အားလုံးနီးပါးသည် နိုင်ငံမှထွက်ခွာသွားခဲ့ကြသော်လည်း ကာဇိုင်းနှင့် အဗ္ဗဒူလာ အဗ္ဗဒူလာတို့သည် နိုင်ငံကနေ မထွက်ခွာဘဲ ကျန်ရှိနေသည့် လူသိအများဆုံးသော ပုဂ္ဂိုလ်များ ဖြစ်နေသည်။

၎င်းတို့နှစ်ဦးကို မည်သည့် အစိုးရရာထူးကိုမှ ပေးထားခြင်း မရှိသလို အစိုးရရာထူးများ ပေးရန် မည်သူကမှလည်း အကြံပြုထားခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly